လွန်ခဲ့တဲ့ ၅ နှစ်ကျော်က မီးလောင်ကျွမ်းပျက်စီးခဲ့တဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ သမိုင်းဝင် နော်တာဒမ်ဘုရားကျောင်းကြီးကို ပြန်လည်တည်ဆောက် ပြီးစီးပြီဖြစ်တဲ့အတွက် ရှေ့တပတ် ဒီဇင်ဘာ ၇ ရက်မှာ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်ပါတယ်။
ဂေါ့သစ်ဗိသုကာလက်ရာ နော်တာဒမ်ဘုရားကျောင်းကြီးကို ပြန်လည်တည်ဆောက်ရာမှာ ကူညီခဲ့တဲ့ လက်မှုပညာရှင် ၁၀၀၀ ကျော်ကို ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက"ရာစုနှစ်ရဲ့ စီမံကိန်း"လို့ ချီးကျူးပြီး သောကြာနေ့က ဂုဏ်ပြုစကား ပြောကြားခဲ့ပါတယ်။
သမ္မတမက်ခွန်းက“နော်တာဒမ် မီးလောင်မှုဟာ နိုင်ငံတော်ရဲ့ ဒဏ်ရာတခုပါ။ ခင်ဗျားတို့က ဒါကို သန္နိဋ္ဌာန်၊ ကြိုးစားအားထုတ်မှုနဲ့ ကတိကဝတ်တွေနဲ့ ကုစားပေးခဲ့ကြတယ်"လို့ ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။
၁၂ ရာစုကတည်းက တည်ရှိခဲ့တဲ့ ဘုရားကျောင်းကြီးဟာ ပါရီမြို့တော်ရဲ့ အချစ်တော်နဲ့ လူအများဆုံး လာရောက်လည်ပတ်တဲ့ အဆောက်အအုံတွေထဲက တခုဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံရဲ့ အကောင်းဆုံး လက်မှုပညာရှင်တွေလို့ သတ်မှတ်ခံထားရတဲ့ ရာစုနှစ်များစွာ သက်တမ်းရှိ အဆင့်မြင့် ‘ကွန်ပါညွန် ဒူ ဒေဗွာ’ က ပညာရှင်တွေပါ ပါဝင်ခဲ့ပါတယ်။
ပြန်လည်တည်ဆောက်မှုမှာ ဘုရားကျောင်းရဲ့ ဘုံကျောင်းဗိမာန်၊ ကျောရိုးပုံသဏ္ဌာန် မျက်နှာကြက်ကွေး၊ ဘေးဘက်က အထောက်အမတွေ၊ ရောင်စုံမှန်ပြတင်းတွေနဲ့ ထွင်းထုထားတဲ့ ကျောက်ဆစ်ရုပ်တုတွေကို မူလ ဂုဏ်ရည်အတိုင်း ပြန်လည်ပြုပြင်မွမ်းမံခဲ့ပါတယ်။
အဖြူရောင်ကျောက်တုံးတွေနဲ့ ရွှေရောင်အလှဆင်တွေဟာ အရင်ကထက်တောင် ပိုပြီး တောက်ပနေပါတယ်။
၂၀၁၉ ဧပြီ ၁၅ ရက် ညနေခင်းက ဘုရားကျောင်းရဲ့ ခေါင်မိုးနဲ့ ဘုံကျောင်းဗိမာန်တွေ မီးစွဲလောင်ပြီး ပြိုကျသွားခဲ့တာဖြစ်ပါတယ်။
ထင်ပေါ်ကျော်ကြားသူတွေနဲ့ နိုင်ငံအကြီးအကဲတွေကို ဖိတ်ကြားထားတဲ့ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၇ ရက် ညနေပိုင်းမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။
သမ္မတ ရုံးအဆိုအရ ကမ္ဘာအနှံ့က ပြုပြင်မွမ်းမံရေးအတွက် လှူဒါန်းမှု ယူရို ၈၄၀ သန်း ကျော် ရရှိခဲ့လို့ ရန်ပုံငွေတွေ ပိုလျှံနေသေးတယ်လို့ သိရပါတယ်။
ကက်သလစ်အသင်းတော်အနေနဲ့ ဘုရားကျောင်းမှာ နှစ်စဉ် လာရောက်လည်ပတ်သူ ၁၅ သန်းလောက် ရှိလာမယ်လို့ မျှော်လင့်နေပါတယ်။
Source-Reuters