တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ ပထက်ကမ်းမှာ နိုဝင်ဘာ ၂၂ ရက်နေ့က ငါးဖမ်းလှေတစီး မီးလောင်ခဲ့ပြီး ၁ ယောက် သေဆုံးခဲ့တယ်လို မြို့ခံတွေဆီက သိရပါတယ်။
ည ၇ နာရီဝန်းကျင် လှေထွက်ကာနီး စက်ဆီဖြည့်ရာကနေ မီးစလောင်ခဲ့ပြီး ည ၈ နာရီလောက်မှာ ငြှိမ်းသတ်နိုင်တယ်လို့ မီးငြှိမ်းရာမှာ ပါဝင်သူတွေက ပြောပါတယ်။
မီးသတ်ရာမှာ ပါဝင်ခဲ့သူတယောက်က “လှေကထွက်တော့မယ့်အချိန် စက်ဆီဘောနားကပ်ပြီး ဆီဖြည့်နေချိန်မှာ ဂက်စ်အိုးကနေ မီးစကူးပြီးလောင်တယ်လို့ သိရတယ်။ ဆီကန်တွေလည်းရှိနေတော့ ဒုတိယအကြိမ်ထပ်ငြှိမ်းလိုက်ရသေးတယ်” လို့ ပြောပါတယ်။
မီးလောင်လို့ ၁ ယောက် သေဆုံး၊ ၂ ယောက် ဒဏ်ရာရခဲ့ပြီး ဒဏ်ရာရသူတွေကတော့ မြိတ်ဆေးရုံမှာ ဆေးဝါးကုသမှုခံနေရတယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။
ကူညီကယ်ဆယ်ရေးမှာ ပါဝင်သူတယောက်က “လှေထဲမှာ လှေသားဘယ်နှစ်ယောက်လဲဆိုတာ အတိအကျမသိရဘူး။ ဒဏ်ရာရသူတွေက ပေါက်ကွဲချိန် ရေထဲခုန်ချလိုက်တာနေမယ်။ ကျနော်တို့ရောက်လာချိန် ဆီဘောနားမှာရှိနေပြီ” လို့ ပြောပါတယ်။
မီးလောင်လို့သေဆုံးသူဟာ အရိုးစုပဲကျန်ခဲ့တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘဲ စုံစမ်းနေတုန်းလို့ သိရပါတယ်။