Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်မည့်ကိစ္စကြောင့်  တပ်တွင်းပဋိပက္ခ ဖြစ်လာနိုင်
DVB
·
December 2, 2024

အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်ရဲ့တောင်းဆိုချက်ဟာ ရွေးကောက်ပွဲလုပ်ပြီး နိုင်ငံခေါင်းဆောင်လုပ်မယ့် စစ်ခေါင်းဆောင်ရဲ့ ရည်ရွယ်ချက်ကို ပျက်စီးသွားစေနိုင်သလို တပ်တွင်းပဋိပက္ခတွေလည်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာ ဥပဒေရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရအဖွဲ့ကို ဦးဆောင်ချိန်မှာ ရခိုင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ရိုဟင်ဂျာတွေကို စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တဲ့ အမှုအတွက် ICC က စုံစမ်းစစ်ဆေးခဲ့ပြီး တရားစွဲအရာရှိချုပ်က အဲဒီကျူးလွန်မှုတွေရဲ့ အဓိကတရားခံဖြစ်တဲ့ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC တရားရုံးကို နိုဝင်ဘာ ၂၇ ရက်က လျှောက်ထားခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဘက်ကတော့ မြန်မာနိုင်ငံဟာ ရောမသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ မဟုတ်တာကြောင့် ICC တရားရုံးရဲ့ ဆောင်ရွက်မှုတွေကို လက်ခံဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပြောဆိုပေမဲ့ လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ မြန်မာနိုင်ငံရဲ့ တရားဝင်အစိုးရ မဟုတ်တာကြောင့် အဲဒီပြောဆိုမှုက ဥပဒေအရ အကျုံးမဝင်ဘူးလို့ လူ့အခွင့်အရေးရှေ့နေလည်းဖြစ်သလို ဥပဒေအထောက်အကူပြုကွန်ရက် တည်ထောင်သူလည်းဖြစ်တဲ့ ဦးအောင်ထူးက ပြောပါတယ်။

စစ်ခေါင်းဆောင်ကို နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်သူအဖြစ် ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုမှုဟာ အာဏာသိမ်းစစ်တပ်အတွက် ကြီးမားတဲ့ရိုက်ခတ်မှု ဖြစ်စေခဲ့သလို နောက်နှစ်ထဲမှာ ရွေးကောက်ပွဲကျင်းပပြီး အာဏာသိမ်းစစ်ခေါင်းဆောင်ကို သမ္မတ ရာထူးပေးဖို့ အတွက်လည်း မဖြစ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

ICC တရားစွဲအရာရှိရဲ့ အခုတောင်းဆိုချက်နဲ့ ပတ်သက်ပြီး ရိုဟင်ဂျာအဖွဲ့အစည်းတွေဘက်ကလည်း သူတို့တွေအတွက် တရားမျှတမှုရဖို့ ပိုမိုနီးကပ်လာတဲ့အတွက် အဲဒီတောင်းဆိုမှုကို ကြိုဆိုကြသလို နိုင်ငံတကာ အဖွဲ့အစည်းတွေ ဘက်ကလည်း ပြစ်မှုကျူးလွန်တဲ့ စစ်ခေါင်းဆောင်တွေကို အရေးမယူနိုင်သေးရင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ထပ်ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။

အဲဒီအပြင် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီဘက်ကလည်း ICC တရားရုံးဘက်က အမြန်ဆုံး ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုသလို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ဘက်ကလည်း အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်နိုင်ရေးအတွက် ICC တရားရုံးနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့ ပြောဆိုပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ ICC တရားရုံးရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မျှမျှတတနဲ့ မှန်မှန်ကန်ကန် ဆောင်ရွက်ဖို့လိုတယ်လို့ ပြောဆိုခဲ့သလို လုံခြုံရေးကောင်စီက ဖမ်းဝရမ်းထုတ်ခိုင်းတာ မဟုတ်ဘဲနဲ့ ရောမသဘောတူစာချုပ်မှာ လက်မှတ်ရေးထိုးထားခြင်းမရှိတဲ့ နိုင်ငံတွေမှာ ICC ရဲ့ လုပ်ပိုင်ခွင့် မရှိဘူးလို့လည်း ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အဖွဲ့ဝင်နိုင်ငံတနိုင်ငံ ဖြစ်သလို ကမ္ဘာ့အင်အားကြီးနိုင်ငံလည်း ဖြစ်တာကြောင့် စစ်ရာဇဝတ်မှု ကျူးလွန်ထားလို့ ဖမ်းဝရမ်း ထုတ်ခံထားတဲ့သူနဲ့ ထိတွေ့ဆက်ဆံမယ့်အပေါ်မှာ သေချာပြန်စဉ်းစားဖို့လိုပြီး ဥပဒေကြောင်း အရပါ ထောက်ပြပြောဆိုခံရနိုင်တယ်လို့ နိုင်ငံတကာဥပဒေရေးရာ ကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အခုကိစ္စအပေါ်မှာ လျစ်လျူရှုလို့ မရသလို မြန်မာလူထုရဲ့ မျက်နှာကို ကြည့်ပြီး စစ်ရာဇဝတ်မှု ကျူးလွန်ထားတဲ့သူကို ဖမ်းဆီးနိုင်ရေးအတွက်လည်း နိုင်ငံတကာနဲ့ အိမ်နီးချင်း နိုင်ငံတွေကပါ ပူးပေါင်းဆောင်ရွက်ပေးဖို့ လိုသလို စစ်ရာဇဝတ်မှု ကျူးလွန်သူကို ကူညီထောက်ပံ့ပေးတာဟာ ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ ICC က တရားစွဲအရာရှိချုပ်ရဲ့ တောင်းဆိုချက်ဟာ အရပ်သားအစိုးရ တာဝန်ယူချိန်က ဖြစ်ပေါ်ခဲ့တဲ့ကိစ္စ ဖြစ်ပေမဲ့ အဲဒီကျူးလွန်မှုတွေဟာ စစ်ခေါင်းဆောင်ကသာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စုံစမ်းစစ်ဆေးချက် တိတိကျကျ ရရှိခဲ့တာကြောင့် စစ်ခေါင်းဆောင် တယောက်တည်းကိုပဲ ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုခဲ့တာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအပြင် တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) အဖွဲ့တွေဘက်ကလည်း အာဏာသိမ်းစစ်တပ်ဟာ ရိုဟင်ဂျာတွေအပေါ်မှာ ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေအပြင် လူသားမျိုးနွယ်အပေါ် စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့အပေါ် နိုင်ငံတကာက ဖမ်းဆီးနိုင်ရေးနဲ့ အဲဒီပြစ်မှုတွေကို ဖော်ထုတ်ပြီး နိုင်ငံတကာဥပဒေနဲ့အညီ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က အရေးယူနိုင်ဖို့ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ပါတယ်။

အဲဒီအပြင် အာဏာသိမ်းစစ်တပ်ကလုပ်မယ့် ရွေးကောက်ပွဲဟာလည်း ဘယ်လိုနည်းနဲ့မှ တရားဝင်မှာမဟုတ်ဘဲ အာဏာသိမ်းစစ်တပ်အတွက်သာမက တိုင်းပြည်အတွက်ပါ နိုင်ငံရေးထွက်ပေါက် လုံးဝဖြစ်လာမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

ICC က အာဏာသိမ်း စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ အချိန်အတိုင်းအတာ ဘယ်လောက်ထိ ကြာမြင့်နိုင်မလဲဆိုတာ မသိရသေးပေမဲ့ ဒါဟာ အာဏာရှင်စစ်တပ်ကို တော်လှန်နေတဲ့ တော်လှန်ရေး အင်အားစုတွေအတွက် အချိန်ကောင်းဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးဋ္ဌေးက ပြောပါတယ်။

ICCကို ကမ္ဘာ့နိုင်ငံတွေမှာ ဖြစ်နေတဲ့ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာဥပဒေတွေအရ တရားစီရင် ဆုံးဖြတ်နိုင်ဖို့ ရောမသဘောတူစာချုပ်အရ ၂၀၂၀ ခုနှစ်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပြီး လက်မှတ်ရေးထိုးထားတဲ့နိုင်ငံ ၁၂၅ နိုင်ငံရှိပြီး အဲဒီနိုင်ငံတွေက ICC တရားရုံးရဲ့ ညွှန်ကြားချက်တွေအပြင် တရားခံဖမ်းဆီးပေးရေးတွေကိုပါ ဆောင်ရွက်ပေးရတာပါ။

ကမ္ဘာ့အင်အားကြီးနိုင်ငံတွေဖြစ်တဲ့  အမေရိကန်၊ ရုရှား၊ တရုတ်၊ အိန္ဒိယ၊ အီရန်နဲ့ အစ္စရေးတို့က ICC ရဲ့ စီရင်ပိုင်ခွင့်အာဏာကို အသိအမှတ် မပြုကြသလို အဖွဲ့ဝင်ဖြစ်ဖို့လည်း ငြင်းဆန်ထားကြပါတယ်။

အောင်သူ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013