Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ICC ဖမ်းဝရမ်းထုတ်ရန် ထောက်ခံသည့် မြန်အောင်ဒေသခံ လူငယ် ၁ ဦး ဖမ်းဆီးခံရ
DVB
·
December 2, 2024
Photo : TT

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားချက်ကို ထောက်ခံကြောင်း TikTok ပေါ်မှာတင်တယ်ဆိုပြီး စစ်ကောင်စီတပ်က လူငယ်တယောက်ကို ဒီဇင်ဘာ ၁ ရက်က ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က ‌ပြောပါတယ်။

“အဖမ်းခံရတဲ့ကောင်လေးက ရှားတောကျေးရွာမှာ နေထိုင်တယ်လို့ သိရတယ်။ အသက် ၂၅ နှစ်အရွယ် မင်းမိုး ဆိုတဲ့ကောင်လေးကို စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းတာ။ ICC က မင်းအောင်လှိုင်ကို ဖမ်းဆီးပေးဖို့ လျှောက်ထားချက်ကို ထောက်ခံကြောင်း TikTok ပေါ်မှာ တင်တယ်ဆိုပြီး ဖမ်းတာ။”

ဖမ်းဆီးခံရတဲ့ လူငယ်ကို စစ်ကောင်စီတပ်က ဘယ်ကိုဖမ်းခေါ်သွားတယ်ဆိုတာ မသိရဘဲ အဆက်အသွယ်မရတော့တာကြောင့် ရိုက်နှက်စစ်ဆေးလို့ လူသေဆုံးတဲ့ဖြစ်စဉ်တွေ ဖြစ်ပေါ်နေတဲ့အတွက် စိုးရိမ်နေတယ်လို့ မိသားစုက ဆိုပါတယ်။

အဖမ်းခံရသူနဲ့ နီးစပ်တဲ့ မြန်အောင်ဒေသခံတယောက်က “သူများဆော့ထားတဲ့ TikTok ပြန်ဆော့တာတဲ့။ မင်းအောင်လှိုင်အကြောင်း ပါမပါ၊ ထောက်ခံသလား မထောက်ခံဘူးလားတော့ မသိဘူး။ အဲဒါကို ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ လုပ်တယ်ဆိုပြီး ဖမ်းတာ။ မိသားစုက တော်တော်စိတ်ပူနေတာ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၅ ရက်ကလည်း အသက် ၆၀ ကျော်တွေ အပါအဝင် ဒေသခံ အရပ်သား ၆ ယောက်ကို စစ်ကောင်စီတပ်က တော်လှန်ရေးတပ် (PDF) တွေကို ထောက်ပံ့နေတယ်လို့ စွပ်စွဲ ဖမ်းဆီးခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ဩဂုတ် ၂၇ ရက်ကလည်း ကြံခင်းမြို့နယ်က အသက် ၂၄ နှစ်အရွယ် အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄(က) နဲ့ ပုဒ်မ ၅၀၅(က)၊ အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃(က) တို့နဲ့ အမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024