Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ရန်ကြိုးပမ်းမှုမှ အမျိုးသမီးများအတွက် တရားမျှတမှု မျှော်လင့်
DVB
·
November 29, 2024
Photo-BWU F.b

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) မှာ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ တောင်းဆိုထားတာနဲ့ပတ်သက်လို့ အမြန်ဆုံးအကောင်ထည်ဖော်ဖို့နဲ့ နစ်နာခဲ့သူ အမျိုးသမီးတွေအတွက် တရားမျှတမှုရဖို့ လိုအပ်တယ်လို့ အမျိုးသမီးနဲ့လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်ထိ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးလှုပ်ရှားမှု ၁၆ ရက်တာကာလအတွင်းမှာ ICC ရှေ့နေ့ချုပ်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ကို  ဖမ်းဝရမ်းထုတ်ဖို့ တောင်းဆိုချက် ထွက်ပေါ်လာခဲ့ပါတယ်။

ရိုဟင်ဂျာအမျိုးသမီးတွေ အပါအဝင် မြန်မာနိုင်ငံက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ စစ်တပ်တခုလုံးရဲ့ တာဝန်က စစ်ခေါင်းဆောင်အပေါ်မှာ ရှိနေတဲ့အတွက် အခုလို ဖမ်းဝရမ်းကို အမြန်ဆုံး အကောင်အထည်ဖော်ဖို့နဲ့ အရေးယူမှုလုပ်ဆောင်ဖို့ကိုလည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေ အတွင်းရေးမှူး ၁ ဒေါ်ဝေဝေက တောင်းဆိုပါတယ်။

“ဒါဟာဖြစ်သင့်ဖြစ်ထိုက်တဲ့လုပ်ဆောင်မှုတခုလို့ ကျမတို့ရှုမြင်ပါတယ်။ တကယ်လို့အကြမ်းဖက် မင်းအောင်လှိုင်ကို အပြစ်ပေးအရေးယူနိုင်ခဲ့မယ်ဆိုရင် ကျူးလွန်သူတွေအတွက် စံနမူနာပြ အရေးယူ ဆောင်ရွက်မှု တခုဖြစ်ပြီးတော့ အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ အကြမ်းဖက်နေကြတဲ့သူတွေ သူတို့ရဲ့ လုပ်ရပ်တွေကို ရပ်တန့်ဖို့ အချက်ပေး ခေါင်းလောင်းသံဖြစ်တယ်လို့ ပြောချင်ပါတယ်၊ ICC ဖမ်းဝရမ်းထုတ်မှုက ထိရောက်တဲ့ အပြစ်ပေးအရေးယူဆောင်ရွက်မှုအထိသွားနိုင်ဖို့ မျှော်လင့်ပါတယ်။”

၂၀၁၆-၁၇ ခုနှစ် မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ဆောင်ချက် ခေါင်းစဉ်အောက်ကနေ ရခိုင်ဒေသက အမျိုးသမီး ကလေးသူငယ်တွေအပါအဝင် ရိုဟင်ဂျာလူမျိုး ၇ သိန်းနီးပါးက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက် ပြေးတိမ်းရှောင်ခဲ့ရပြီး ရိုဟင်ဂျာအမျိုးသမီးနဲ့ ကလေးတွေ သေဆုံးခဲ့ကြရပါတယ်။

အာဏာသိမ်းပြီးနောက်မှာလည်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေကြောင့် အမျိုးသမီး ကလေးသူငယ်တွေ အပါအဝင်လူပေါင်း ၆၀၀၀ လောက်သေဆုံးခဲ့ရပါတယ်။

ထိခိုက်ဆုံးရှုံးခဲ့ရတာတွေအတွက် တရားမျှတမှုရှာဖို့ ကျူးလွန်သူတွေ အားလုံးကို အရေးယူပေးဖို့ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန ဒုဝန်ကြီး ဦးအောင်ကျော်မိုးကလည်း တိုက်တွန်းပါတယ်။

လက်ရှိဖမ်းဝရမ်းက ထွက်လာဖို့ရှိနေပြီး ဒီဖမ်းဝရမ်းဟာ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေအားလုံးအတွက် တရားမျှတမှုရှာဖွေရေးမှာ အားသစ်တခု ဖြစ်လာမယ်လို့ ဦးအောင်ကျော်မိုးက ပြောပါတယ်။

“မြန်မာစစ်အာဏာရှင်အုပ်စုရဲ့ နှစ်ပေါင်းများစွာ ရက်စက် ကြမ်းကြုတ်တဲ့ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့တာတွေအတွက် အရေးယူခံရဖို့နေနေသာသာ ထပ်ကာ တလဲလဲ ကျူးလွန်နေခဲ့တာ ဖြစ်တယ်။ အခုအခြေအနေ အရကတော့ ဖမ်းဖို့ ဝရမ်းပါထုတ်ပေးမယ့် အခြေအနေလည်း ရှိနေတယ်။ ရိုဟင်ဂျာအပါအဝင် မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး တရားမျှတမှုကို တဆင့်ချင်း သိရှိခံစား ရနိုင်ပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားမှုတွေကနေ တဆင့် တရားမျှတမှုကို ရှာဖွေဖော်ဆောင်ရတာဆိုတော့ ICC က ထွက်လာဖွယ်ရှိနေတဲ့ ဖမ်းဝရမ်းက မြန်မာ့အရေး လှုပ်ရှားမှုတွေအတွက် အားသစ်တခု ဖြစ်လာမယ်။ မြန်မာစစ်တပ်လက်ချက်ကြောင့် ရိုဟင်ဂျာအမျိုးသမီးထု အင်မတန်နစ်နာခဲ့ရတာတွေရှိတယ်။ ဒါတွေကိုတော့ ကျုးလွန်သူ အစုအဖွဲ့အားလုံး စုံစမ်းစစ်ဆေး ဖော်ထုတ် အရေးယူနိုင်မှ သူတို့အတွက် တရားမျှတမှုဆိုတာ ဖြစ်လာနိုင်ပါ့မယ်။”

အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကာလအတွင်းမှာ အမျိုးသမီးတွေနဲ့ အကြမ်းဖက်ခံရတာနဲ့ပတ်သက်လို့ နိုင်ငံတကာသံရုံးတွေကလည်း အသီးသီး ထုတ်ပြန်ပြောဆိုနေကြပါတယ်။

အာဏာသိမ်း ၄ နှစ်နီးပါးကာလအတွင်း စစ်တပ်ကြောင့် အတည်ပြုနိုင်တဲ့ လူပေါင်း ၅၉၉၁ ယောက် သေဆုံးခဲ့ပြီး အတည်မပြုနိုင်တဲ့ ပြည်သူ ၂၆၀၀ ရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)  က ထုတ်ပြန်ထားပါတယ်၊ အဲဒီအထဲ အမျိုးသမီး ၁၂၈၈ ယောက်နဲ့ ကလေး ၆၇၅ ယောက်ပါဝင်တယ်လို့ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013