နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့ရောက်တိုင်း ကျား၊ မ အခြေပြု အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုကို ကမ္ဘာတဝန်းမှာ ပြုလုပ်ကြပါတယ်။ အကြမ်းဖက်မှုရဲ့ အဓိကသားကောင်တွေ ဖြစ်နေတဲ့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေရဲ့ ဒုက္ခသုက္ခတွေကို မီးမောင်းထိုးပြနိုင်ဖို့နဲ့ ကျား၊ မ အခြေပြု အကြမ်းဖက်မှုဆိုင်ရာ အသိပညာပေးမှုတွေ မြှင့်တင်နိုင်ဖို့ ရည်ရွယ်ပြီး နိုဝင်ဘာ ၂၅ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ကနေ ကမ္ဘာ့လူ့အခွင့်အရေးနေ့ဖြစ်တဲ့ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိ ပြုလုပ်ကြတာ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ရဲ့ ကမ္ဘာလုံးဆိုင်ရာ လေ့လာမှုစစ်တမ်းအရ အမျိုးသမီး ၃ ဦးမှာ တဦးဟာ သူတို့ရဲ့ ဘဝတသက်တာမှာ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရမှုနဲ့ ကြုံတွေ့ခံစားခဲ့ကြရဖူးတာကို တွေ့ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံက အမျိုးသမီးတွေအဖို့ကတော့ စစ်တပ်က ကျူးလွန်နေတဲ့ အကြမ်းဖက်မှုအန္တရာယ်အောက်မှာ ဆယ်စုနှစ်ပေါင်းများစွာကြာအထိ အမြဲတစေ စိုးရိမ်ကြောင့်ကြကြီးစွာနဲ့ နေထိုင် ဖြတ်သန်းခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မြန်မာနိုင်ငံက အမျိုးသမီးတွေဟာ ဖမ်းဆီးခံရတာ၊ နှိပ်စက်ခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာနဲ့ နောက်ဆုံး အသတ်ခံရတာတွေအထိ အဆိုးရွားဆုံး ပြုမှုဆက်ဆံခံရမှုတွေနဲ့ ကြုံနေကြရတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လှုပ်ရှားမှုမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍကို မြှင့်တင်နိုင်ဖို့ ကြိုးပမ်းနေတဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB) က အခုလ အစောပိုင်းက အစီရင်ခံ ဖော်ပြခဲ့ပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ခုနှစ်၊ ဇွန်လအထိ WLB အနေနဲ့ အမျိုးသမီးများအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ မုဒိမ်းမှုတွေ အပါအဝင် ကျားမအခြေပြု အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း ၅၀၀ နီးပါးကို မှတ်တမ်းပြုစုနိုင်ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်တွေထဲက ဆယ်ဂဏန်းကျော်မှာ အမျိုးသမီးတွေဟာ မုဒိမ်းပြုကျင့်ခံရပြီး ကျူးလွန်သူတွေရဲ့ သတ်ဖြတ်ခြင်းကိုပါ ခံခဲ့ရပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံမှာလည်း နှစ်ရှည်လများကြာ ရှိလာခဲ့တဲ့ မနှစ်မြို့စရာ သမိုင်းကြောင်းတခု ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီအကြမ်းဖက်မှုတွေကို စစ်တပ်က အထူးသဖြင့် တာဝန်ခံရမှာ စိုးတဲ့အတွက် တောက်လျှောက် ဖုံးကွယ်လာခဲ့တာ ဖြစ်ပါတယ်။
ဆယ်စုနှစ်များစွာကြာအထိ စစ်တပ်ဟာ ရာဇဝတ်မှုတွေကို စနစ်တကျနဲ့ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာခဲ့တာပါ။ အာဏာရူးတွေ ဦးဆောင်တဲ့ စစ်အစိုးရအဆက်ဆက်မှာ တရားဥပဒေကို စစ်တပ်အတွက် အမြတ်ထုတ်နိုင်ဖို့နဲ့ စစ်တပ်ရဲ့ အကျိုးစီးပွားတွေကို ကာကွယ်နိုင်ဖို့အတွက်ပဲ လိုသလို ပုံသွင်း အသုံးချခဲ့ပါတယ်။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်ခံရသူတွေရဲ့ တိုင်ကြားချက်တွေ ဆိုရင်လည်း စစ်တပ်ထိပ်ပိုင်း စစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်နဲ့ ပယ်ချခံရတာ ဒါမှမဟုတ် ပြက်ရယ်ပြု အထင်အမြင်သေးတာကို ခံရလေ့ရှိပါတယ်။
ဒီလို လူမှုဝန်းကျင်မှာ ရရှိလာမယ့် အမည်းစက်ကြောင့် အမျိုးသမီးများစွာဟာ သူတို့ရဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုဖို့ တွန့်ဆုတ်သွားလေ့ ရှိကြပါတယ်။ အာဏာသိမ်းပြီးချိန်ကစလို့ တိုင်းပြည်ရဲ့ တရားစီရင်ရေးစနစ် ပြိုလဲသွားမှုဟာ အကြမ်းဖက်ခံရတဲ့ အမျိုးသမီး ရာပေါင်းများစွာကို ဥပဒေကြောင်းအရ အကာအကွယ်မဲ့၊ အားကိုးရာမဲ့ ဖြစ်သွားစေခဲ့ပါတယ်။ တရားမျှတမှု ကင်းမဲ့နေသမျှ ကာလပတ်လုံး တာဝန်ခံမှုကလည်း ကင်းမဲ့နေဦးမှာ ဖြစ်ပါတယ်။ တရားမျှတမှုကို ရှာဖွေနိုင်ဖို့အတွက် အကန့်အသတ်တွေ ရှိနေတာကြောင့်ပဲ အာဏာသိမ်းအလွန် ကာလမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဖြစ်ရပ်တွေဟာ မြင့်တက်လာခဲ့ပါတယ်။
ကမ္ဘာကြီးအနေနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခရဲ့ ရှုပ်ထွေးမှု သဘောသဘာဝကို နားလည်နိုင်ဖို့ ရုန်းကန်နေရချိန်မှာ ပြည်တွင်းမှာရှိနေတဲ့ မြန်မာပြည်သူတွေအတွက်ကတော့ တရားမျှတမှုရရှိရေး မျှော်လင့်ချက်ဟာ အလှမ်းကွာနေဦးမှာ ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီအရေး လှုပ်ရှားမှုမှာ ဦးဆောင်ပါဝင်နေတဲ့ အမျိုးသမီးတွေကတော့ အကြမ်းဖက်မှု ဖြစ်ရပ်တွေအတွက် တရားမျှတမှုနဲ့ တာဝန်ခံမှု ရှိစေဖို့အတွက် မဆုတ်မနစ် ဆက်လက် ကြိုးပမ်းကြလျက် ရှိနေပါတယ်။
“စစ်ကောင်စီဟာ ကော်သူးလေ အပါအဝင် တိုင်းရင်းသားဒေသတွေမှာ အရပ်သားတွေကို ပစ်မှတ်ထားပြီး အကြမ်းဖက် တိုက်ခိုက်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာခဲ့တယ်” လို့ ကရင်အမျိုးသမီးအစည်းအရုံး (KWO) က ၂၀၂၂ ခုနှစ်တုန်းက ပြောကြားထားပါတယ်။
ဒါ့အပြင် ကရင်နီအမျိုးသမီးအစည်းအရုံး (KNOW) ကလည်း ပြီးခဲ့တဲ့နှစ်အတွင်းမှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဖြစ်စဉ်ပေါင်း ၆၀ ကျော် ရှိခဲ့ပြီး ရုပ်ပိုင်းဆိုင်ရာနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပြီးရင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှုန်းဟာ အမြင့်ဆုံးဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
အလားတူ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကလည်း နိုင်ငံတဝန်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး မကြာသေးခင်က ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း အသတ်ခံခဲ့ရတဲ့ အမျိုးသမီးအရေအတွက်ဟာ စစ်ကိုင်းတိုင်းဒေသကြီးမှာ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။ လူမျိုးတုံးသတ်ဖြတ်မှုအတွင်း ဆက်လက် ညှဉ်းပန်းနှိပ်စက်ခံနေရတဲ့ ရိုဟင်ဂျာ အမျိုးသမီးတွေဟာလည်း စိုးရိမ်ဖွယ်ကောင်းလောက်အောင် မြင့်တက်လာနေတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနှုန်းနဲ့ ရင်ဆိုင်နေကြရပါတယ်။
လိင်ကွဲပြားမှုအပေါ် အခြေခံပြီး အကြမ်းဖက်မှုတွေ မြင့်တက်လာချိန်မှာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု အဆုံးသတ်ရေး ၁၆ ရက်တာ လှုပ်ရှားမှုဟာ ပိုမိုသက်ဆိုင်လာခဲ့ပြီး အရေးကြီးလာခဲ့ပါတယ်။ တချိန်တည်းမှာပဲ အကြမ်းဖက်မှုပုံစံအားလုံး အဆုံးသတ်ရေး ကြွေးကြော်သံကနေ သန္ဓေတည် ပေါက်ဖွားလာခဲ့တဲ့ ဒီမိုကရေစီ အရေးတော်ပုံကြီး အောင်မြင်စေရေးအတွက်လည်း မြန်မာနိုင်ငံက အမျိုးသမီးရေးရာ အဖွဲ့အစည်းတွေဟာ တစိုက်မတ်မတ်နဲ့ အားသွန်ခွန်စိုက် လုပ်ဆောင်ခဲ့ကြပါတယ်။
ဒေသအလိုက် ဦးဆောင်နေတဲ့ အဖွဲ့တွေဟာ နိုင်ငံအနှံ့အပြားမှာရှိတဲ့ ကျေးရွာတွေမှာ အမျိုးသားတွေရော၊ အမျိုးသမီးတွေအတွက်ပါ အသိပညာပေးမှု လုပ်ငန်းတွေကို ပုံမှန်လုပ်ဆောင်နေသလို ဘေးကင်းခိုလှုံရာနေရာအတွက် အခက်အခဲရှိနေတဲ့ အမျိုးသမီးတွေကိုလည်း လုံခြုံစိတ်ချရတဲ့ နေရာထိုင်ခင်းတွေ စီစဉ်ပေးတာအပြင် စိတ်ပိုင်းဆိုင်ရာ အားပေးမြှင့်တင်ပေးတာတွေနဲ့ အစားအသောက် ချက်ပြုတ်တာ၊ စက်ချုပ်တာနဲ့ ပန်းချီဆွဲတာတွေလို စိတ်ဒဏ်ရာကို ကုစားပေးနိုင်မယ့် အစီအစဉ်တွေကိုလည်း ထောက်ပံ့ပေးလျက် ရှိပါတယ်။
ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် မျှော်လင့်ချက်တွေ ရင့်သန်လာမှုနဲ့အတူ မတူညီတဲ့ မျိုးဆက်တွေက အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ လိင်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေနဲ့ သမားရိုးကျ အယူအဆတွေကို ကျော်လွှားနိုင်ဖို့အတွက် အခုအခါမှာ အတူတကွ လက်တွဲ လုပ်ဆောင်နေကြပါတယ်။ နွေဦးတော်လှန်ရေးမှာလည်း ရှေ့တန်း စစ်မျက်နှာကနေ လူသားချင်းစာနာမှုဆိုင်ရာ အသက်ကယ်အထောက်အပံ့တွေ ပေးအပ်ရာမှာအထိ နေရာကဏ္ဍပေါင်းစုံမှာ အရေးပါတဲ့ ထောက်တိုင်တခုအနေနဲ့ ပါဝင် လုပ်ကိုင်ကြလျက် ရှိနေပါတယ်။
ဒီလို တာဝန်ယူ ဆောင်ရွက်မှုတွေဟာ မြန်မာနိုင်ငံမှာ ပိုမိုတည်ငြိမ်အေးချမ်းပြီး တရားမျှတမှုရှိတဲ့ လူ့ဘောင်တရပ် ပေါ်ထွန်းလာဖို့အတွက် ဆုံးဖြတ်ချက်ချမှတ်ရေး နေရာတွေမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
လူမှုအသိုက်အဝန်းကြားမှာ အမြစ်တွယ်နေတဲ့ လိင်ပိုင်းဆိုင်ရာ အယူအဆတွေကို မြေလှန်ပစ်ဖို့ဆိုတာ မသေချာ မရေရာမှုတွေ ရှိနေပေမဲ့ အမျိုးသမီးတွေကတော့ ဆက်ပြီး တွန်းလှန်နေမှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အသံတွေနဲ့ ခေါင်းဆောင်မှုတွေဟာ ကျားမ တန်းတူအခွင့်အရေးရရှိရေး မူဝါဒတွေနဲ့ ထောက်ခံအားပေးမှုတွေ ပိုမိုလမ်းပွင့်လာဖို့ မိန်းကလေးငယ်တွေအတွက် အခွင့်အလမ်းသစ်တွေ ဖန်တီးပေးခဲ့ပါတယ်။
အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာထဲမှာလည်း သူတို့ တွေ့ဆုံမေးမြန်းခဲ့တဲ့ တိုင်းရင်းသား အမျိုးသမီး ၂၁ ယောက်ထဲက ၃ ပုံ ၂ ပုံကျော်ဟာ အာဏာသိမ်းပြီးချိန်ကစပြီး လက်နက်ကိုင်စရာ မလိုတဲ့ နေရာအချို့မှာ ပါဝင်လုပ်ကိုင်နေကြတယ်လို့ ဖော်ပြထားပါတယ်။
အဲဒီထဲက ၁၀၀ ရာခိုင်နှုန်းနီးပါးဟာ လူသားချင်း စာနာထောက်ထားမှု အကူအညီပေးအပ်ရေး တွေမှာ ပါဝင်လုပ်ကိုင်နေပြီး ၅၀ ရာခိုင်နှုန်းဝန်းကျင်ကတော့ ဒေသန္တရအုပ်ချုပ်ရေး လုပ်ငန်းတွေမှာ နိုင်ငံရေးဆိုင်ရာ ရာထူးနေရာ အသစ်တွေကို ရယူထားကြတယ်လို့ ဆိုပါတယ်။
ဖိုဝါဒကြီးစိုးတဲ့ ဓလေ့ထုံးတမ်း အစဉ်အလာတွေကို ဖယ်ရှားနိုင်ဖို့နဲ့ စစ်မှန်တဲ့ တန်းတူညီမျှမှုရှိတဲ့ အနာဂတ်ကို ဖမ်းဆုပ်နိုင်ဖို့ ကြိုးစားရင်း တခြားတဖက်မှာလည်း နိုင်ငံတဝန်း အကြမ်းဖက်ခံခဲ့ရတဲ့ အမျိုးသမီးတွေအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ဖို့ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေဟာ နိစ္စဓူဝ တိုက်ပွဲဝင်နေကြပါတယ်။
အရေးကြီးဆုံးကတော့ စစ်အာဏာရှင်စနစ် အဆုံးသတ်ရေး လူထုတော်လှန်ရေးကြီး အောင်မြင်ဖို့ ဖြစ်ပါတယ်။ တော်လှန်ရေးကြီး အောင်မြင်မှသာ လူမျိုးစု၊ လိင်ပိုင်းဆိုင်ရာ ကွဲပြားမှု၊ လူမှု-စီးပွားအခြေအနေနဲ့ ကိုးကွယ်ယုံကြည်မှုအပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေကနေ လွတ်ကင်းနိုင်မှာဖြစ်ပြီး လူသားအားလုံးအတွက် သာတူညီမျှမှု ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ တရားမျှတမှုဟာလည်း ပွင့်လန်းလာနိုင်မှာ ဖြစ်ပါတယ်။
မွန်းနေလီ နှင့် ကွတ်ဒ်ရီနီ
ဘာသာပြန်- ရာစုသစ်