Home
မြန်မာသတင်း
စစ်ခေါင်းဆောင်ဖမ်းဝရမ်းကို အမြန်အကောင်အထည်ဖော်ရန် ရိုဟင်ဂျာဒုက္ခသည်များ တောင်းဆို
DVB
·
November 28, 2024

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ်ရဲ့ တောင်းဆိုချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုလိုက်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ညှဉ်းပန်းနှိပ်စက်မှုနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေ အတွက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) ရှေ့နေချုပ် ကရင်မ်ခန်းရဲ့ ကြိုးပမ်းမှုကိုလည်း  ဘင်္ဂလားဒေ့ရှ်က ဒုက္ခသည်တွေက ကြိုဆိုခဲ့ကြပါတယ်။

ICC မှာ ရိုဟင်ဂျာအရေး တရားစွဲဆိုမှုကို ၂၀၁၈ ခုနှစ် ဧပြီလမှာ စတင်ခဲ့ပြီး ဒီနှစ် နိုဝင်ဘာ ၂၇ ရက်မှာတော့ စစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ သက်သေအထောက်အထား အခိုင်အမာနဲ့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

ဖမ်းဝရမ်းထုတ်မယ့် လုပ်ငန်းစဉ်တွေကို ICC အနေနဲ့ အမြန်ဆုံး အကောင်အထည် ဖော်ပေးဖို့ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်ရှိနေတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက တောင်းဆိုနေကြပါတယ်။

ရိုဟင်ဂျာဒုက္ခသည် မိုဟာမက် ရှီဘလီက “မြန်မာစစ်ကောင်စီ (ခေါင်းဆောင်) ကို ဖမ်းဝရမ်း အကောင်အထည်ပေါ်လာအောင် ဖြစ်နိုင်သမျှ အမြန်ဆုံးလုပ်ပေးဖို့ ICC ကို ကျနော်တို့ တောင်းဆိုပါတယ်။ နောက်ထပ် နှောင့်နှေးနေလို့ မဖြစ်တော့ပါဘူး” လို့ ပြောပါတယ်။

၂၀၁၆ ခုနှစ်နဲ့ ၂၀၁၇ ခုနှစ်အတွင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေရဲ့ နောက်ဆက်တွဲအဖြစ် ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အစုလိုက်အပြုံလိုက် ထွက်ခွာသွားခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်ခဲ့မှုတွေကို ဖော်ထုတ်နိုင်ခဲ့တယ်လို့ ICC ရှေ့နေချုပ် ကရင်မ်ခန်းက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ရိုဟင်ဂျာရပ်ရွာခေါင်းဆောင် မိုဟာမက်ယူဆွတ်က “ဒီဖမ်းဝရမ်းကို ချက်ချင်း အရေးယူ ဆောင်ရွက်သင့်ပါတယ်။ ရိုဟင်ဂျာလူထုတရပ်လုံးကိုယ်စား ICC ရှေ့နေချုပ် ကာရင်မ် ခန်းက  ဒါကို အကောင်အထည်ဖော်ပေးဖို့ တောင်းဆိုပါတယ်” လို့ ပြောပါတယ်။

ARSA ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို တုံ့ပြန်ရာက စတင်ခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးတွေကြောင့် ၂၀၁၇ သြဂုတ်လကစလို့ ရိုဟင်ဂျာလူမျိုး ၆၇၀,၀၀၀ ကျော်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို အတင်းအကျပ် နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

ရိုဟင်ဂျာတက်ကြွလှုပ်ရှားသူ ရှာဟတ်ဇီယာက “ကျနော်တို့ တရားမျှတမှုကို တောင်းဆိုပါတယ်။ တရားမျှတမှု ရမှသာ ကျနော်တို့ အိမ်ပြန်နိုင်မှာပါ။ ဒီမှာ ဒုက္ခသည်အဖြစ် ဒုက္ခခံစားနေတာ ၈ နှစ်တောင် ရှိပါပြီ” လို့ ပြောပါတယ်။

အခုလို တောင်းဆိုမှုတွေကို အမြန်ဆုံးလက်ခံပေးပြီး ဖမ်းဝရမ်းထွက်လာတဲ့အချိန်မှာလည်း နိုင်ငံတွေအနေနဲ့ လိုက်နာဆောင်ရွက်ပေးဖို့ကို အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တိုက်တွန်းထားပါတယ်။

“ICC တရားသူကြီးတွေအနေနဲ့ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်ဖို့ လျှောက်ထားလွှာကို အမြန်ဆုံးလက်ခံပြီး ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့နဲ့ ဖမ်းဝရမ်းထုတ်ပြီးပါကလည်း နိုင်ငံတွေက လိုက်နာဆောင်ရွက်ကြဖို့ တောင်းဆိုပါတယ်။”

ICC ရှေ့နေချုပ် ကရင်မ်ခန်းဟာ ၂၀၂၂၊ ၂၀၂၃ နဲ့ အခုနှစ် ၂၀၂၄ နိုဝင်ဘာလတွေမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားက ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက်မှာ အခုလို အရေးပါတဲ့ ဖမ်းဝရမ်းလျှောက်ထားမှုကို တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013