Home
မြန်မာသတင်း
တရုတ်နိုင်ငံဘက် လူကုန်ကူးခံရသည့် အမျိုးသမီး ၁ ဦး အကူအညီလိုအပ်နေ
DVB
·
November 27, 2024
Photo-ကာယကံရှင်

မြန်မာ - တရုတ်နယ်စပ် မိုင်းလားကနေတဆင့် တရုတ်နိုင်ငံ၊ Anhui ပြည်နယ်၊ Fuyang မြို့ဘက် လူကုန်ကူးခံထားရတဲ့ အမျိုးသမီးတ‌ယောက် အကူအညီလိုအပ်နေကြောင်း ကာယကံရှင်က ပြောပါတယ်။

“မိုင်းလားနယ်စပ်နားမှာပဲ စားသောက်ဆိုင်မှာ အကူဝန်ထမ်းဆိုပြီး လစာ ယွမ် ၃,၅၀၀ နဲ့ ခေါ်တာပါ။ ပြီးတော့ သူတို့စီစဉ်ပေးတဲ့နေရာ သွားတော့လည်း ကားနဲ့ပဲဆိုတော့ တရုတ်ပြည်ထဲထိ ရောက်လာမှန်း မသိခဲ့ပါဘူး” လို့ သူက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလတုန်းက မိုင်းလားမှာ နှစ်ရက်ခန့်ထားပြီး မိုင်းလားကနေ မိန်းကလေး ၃ ယောက်ကို နမ့်တစ်နယ်စပ်ကနေ တရုတ်နိုင်ငံဘက် ချိတ်ဆက် ကားစီစဉ်ပေးကာ လူကုန်ကူးတဲ့အဖွဲ့က နမ့်တစ်မှာ နေခဲ့တယ်လို့ ဆိုပါတယ်။

ရောင်းစားခံရတာ သိလိုက်တာနဲ့ ပြန်မယ်လုပ်တော့ ကားခ တရုတ်ငွေ ယွမ် သုံးသောင်းခွဲ ပြန်တောင်းတာကြောင့် လမ်းစရိတ်မတတ်နိုင်တာကြောင့် မပြန်ခဲ့ရဘူးလို့ အဆိုပါ အမျိုးသမီးက ပြောပါတယ်။

“ညီမက အလုပ်လုပ်ဖို့ လာခဲ့တာ။ အဲလောက်များတဲ့ ငွေပမာဏလည်း ပြန်မပေးနိုင်ဘူးလေ။ ညီမကို အများဆုံး ၃ လပဲ။ ပြီးရင် သူတို့ကိုယ်တိုင် လာခေါ်ပြီး ပြန်ပို့ပေးမယ်ဆိုပြီး အကုန် အဆက်အသွယ် ဖြတ်သွားခဲ့ပါတယ်။” 

တရုတ်ယောက်ျားဆီ ရောင်းစားခံခဲ့ရတာဖြစ်ပြီး ကိုယ်ဝန် ၃ လတုန်းက ရဲစခန်းဘက် ထွက်ပြေးခဲ့ပေမဲ့ ထွက်ပြေးလာတဲ့အချိန် အဲဒီအမျိုးသမီးကို ဝယ်ယူခဲ့တဲ့ မိသားစုက ပြန်ဖမ်းမိပြီး ဖုန်းကို တလခွဲလောက် သိမ်းထားကာ ဖုန်းပြန်ပေးတော့ App တွေ အကုန်လုံးဖျက်ပြီး‌ ပေးတဲ့အတွက် အသိတွေနဲ့ အဆက်အသွယ်ပြန်ရဖို့ ပိုခက်ခဲသွားခဲ့တာလို့ သူက ပြောပါတယ်။

လက်ရှိ သူဟာ Anhui ပြည်နယ်၊ Fuyang မြို့က နေအိမ်တအိမ်မှာ ရှိနေပြီး သူနဲ့အတူ တရုတ်ဘက်ထဲ ပါလာခဲ့တဲ့ မိန်းကလေး ၂ ယောက်ကိုလည်း ဘယ်ကို ပို့လိုက်မှန်းမသိ၊ အဆက်အသွယ်လည်း မရဘူးလို့ ရောင်းစားခံရသူ ကာယကံရှင်က ရှင်းပြပါတယ်။

“ရဲကို ညီမတိုင်ခိုင်းတာ သိရင်လည်း သူတို့ ထပ်ပြီး နှိပ်စက်ကြမှာ ကြောက်တယ်ရှင့်။ ရဲတွေ သူတို့ရောက်လာပြီး ဒီမှာ တရားမဝင် နေထိုင်တဲ့သူရှိတယ်ဆိုပြီး ရောက်ပြီး လာဖမ်းစေချင်ပါတယ်။ ကိုယ်ဝန်ရှိနေတာတောင် သူတို့ကလေးအတွက် မသေရုံတမယ် စားနေရသလိုပါပဲ။ တကယ်ပြန်ချင်နေပါပြီ။”

ရောင်းစားခံရသူ အဲဒီအမျိုးသမီးဟာ အသက် ၂၆ နှစ် ရှိပြီဖြစ်ပြီး မန္တလေးကဖြစ်ကာ မိဘတွေက ဖေ့စ်ဘွတ်ခ် မသုံးတတ်တာကြောင့် အဆက်အသွယ် မရတော့ဘူးလို့ သူက ပြောပါတယ်။

လူကုန်ကူးတဲ့အဖွဲ့က Myat Lay ဆိုတဲ့ တယ်လီဂရမ်ကနေ ဆက်သွယ်လာပြီး အလုပ်ရမယ်ဆိုပြီး လိမ်လည်ဆွဲဆောင်ကာ ကာယကံရှင်တွေရဲ့ ဓာတ်ပုံ‌တွေကိုပါ ကြိုတင်ပို့ထားခိုင်းတယ်လို့ သူက ရှင်းပြပါတယ်။

လက်ရှိမှာတော့ နယ်စပ်မှာ မြန်မာမိန်းကလေးတ‌ယောက် တရုတ်ယွမ် နှစ်သောင်း (ကျပ်သိန်း ၁၂၀ ကျော်ခန့်) ကနေ ယွမ် လေးသောင်းခွဲအထိ ‌ဈေးပေါက်နေပြီး တရုတ် အမျိုးသားတွေကဝောာ့ ပွဲစားတွေဆီကနေ တဆင့် ယွမ် ရှစ်သောင်းကနေ တသိန်းခွဲ (ကျပ် သိန်း ၅၀၀ ကျော်ခန့်ကနေ သိန်း ၉၀၀ ကျော်ခန့်အထိ) ပေးဝယ်နေကြကြောင်း လူကုန်ကူးသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013