မိုဇမ်ဘစ်နိုင်ငံမှာ အငြင်းပွားနေတဲ့ ရွေးကောက်ပွဲရလဒ်တွေအပေါ် ကန့်ကွက်ဆန္ဒပြမှုတွေကြောင့် နိုဝင်ဘာလ ၂၉ ရက်က တောင်အာဖရိကနဲ့ မိုဇမ်ဘစ်အကြား အရေးပါတဲ့ ကုန်သွယ်မှုလမ်းကြောင်းဖြစ်တဲ့ လယ်ဘွန်းဘို နယ်စပ်ကို တစိတ်တပိုင်း ပိတ်ချလိုက်ရပြီး အချိန် ၈ နာရီကြာလောက် ကုန်သွယ် ကူးသန်းမှု အနှောင့်အယှက် ဖြစ်ခဲ့ရပါတယ်။
ဂိတ်ပိတ်ထားလို့ ဒေသတွင်း စီးပွားရေးနဲ့ နေ့စဉ် လူနေမှုဘဝကို ထိခိုက်ခဲ့ရပြီး ၂ နိုင်ငံအကြား ပုံမှန်ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ စီးဆင်းမှုမှာ သိသိသာသာ ပြတ်တောက်ခဲ့ရပြီးတော့ ၂ ဖက်စလုံးကို စိတ်ပျက်စရာ ဖြစ်စေခဲ့ပါတယ်။ တချို့က ဖြေရှင်းပေးမှုနဲ့ တည်ငြိမ်မှုကို တောင်းဆိုကြပါတယ်။
လမ်းပေါ်ဈေးသည် လဗ်ဆန့်စ် မာကူဗယ်လီက “ဒီနယ်စပ်ကို အဝင်အထွက် လုပ်နေရသူတွေရဲ့ အရေးကြီးဆုံးကိစ္စက သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းတွေ ဖြစ်ကြောင်းနဲ့ မိုဇမ်ဘစ်အစိုးရက ပြည်သူတွေနဲ့ သဘောတူညီချက် မရသေးလို့ ဘဝတွေ ထိခိုက် ခက်ခဲနေရတယ်”လို့ ပြောပါတယ်။
တောင်အာဖရိကနိုင်ငံ ပူမာလန်ဂါပြည်နယ်မှာ ယာဉ်မောင်းတွေဟာ နာရီတွေချီ စောင့်ဆိုင်းနေရတာကြောင့် ကုန်တင်ကားတွေဟာ လမ်းဘေးမှာ တန်းစီနေပါတယ်။
မိုဇမ်ဘစ်နိုင်ငံဖက် ရေစာနိုဂါစီယာ နယ်စပ်စခန်းမှာ အတိုက်အခံပါတီ ပိုဒေမိုစ်ကို ထောက်ခံသူတွေဟာ ပါတီခေါင်းဆောင် ဗေနန်းစ်ယိုမွန်ဒ်လာနီရဲ့ ရုပ်ပုံပါတဲ့ တီရှပ်တွေကို ၀တ်ဆင်ထားပါတယ်။
အခု ဆူပူအုံကြွမှုဟာ ၁၉၇၅ ခုနှစ်ကတည်းက တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ ဖရယ်လီမိုက မသမာတဲ့နည်းလမ်းနဲ့ ရွေးကောက်ပွဲအနိုင်ရယူထားကြောင်း စွပ်စွဲပြီးတော့ မိုဇမ်ဘစ်နိုင်ငံရှိ အတိုက်အခံ ထောက်ခံသူတွေက ဆန္ဒပြနေကြတာ ဖြစ်ပါတယ်။
ဒီဆန္ဒပြမှုတွေကြောင့် ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၂၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
မိုဇမ်ဘစ်အစိုးရကို ပိုမိုကောင်းမွန်အောင် ပြောင်းလဲပေးဖို့ တခြားနိုင်ငံတွေကို ကူညီပေးစေချင်ကြပြီး မိုဇမ်ဘစ်က ဆင်းရဲတော့ လူတော်တော်များများက တောင်အာဖရိကနဲ့ တခြားနေရာတွေကို သွားနေကြကြောင်း၊ ပျောက်ဆုံးနေတာက မိုဇမ်ဘစ်စီးပွားရေးကို မြှင့်တင်ဖို့ပဲဖြစ်တယ်လို့လည်း ပြောနေကြပါတယ်။
Source: Reuters