ပါကစ္စတန်နိုင်ငံမြို့တော် အစ္စလာမ်မာဘတ်မှာ အခုသီတင်းပတ် ဆန္ဒပြပွဲတွေအတွင်း ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ ပစ်သတ်ခံရကာ လူပေါင်းထောင်ချီ ဖမ်းဆီးခံခဲ့ရတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် အလီ အမင် ဂန်ဒါပူရ်က နိုဝင်ဘာ ၂၇ ရက်မှာ ပြောပါတယ်။
“သူတို့က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်ခဲ့ပြီး လူတွေသေဆုံးကုန်တယ်။ ရာနဲ့ချီတဲ့ အမျိုးသားတွေလည်း ကျည်ဆန်ဒဏ်ရာတွေကို ခံစားနေရတယ်” လို့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းရဲ့ အဓိကလက်ထောက်ဖြစ်တဲ့ ပြည်နယ်ဝန်ကြီးချုပ် ဂန်ဒါပူရ်က ပြောပါတယ်။
အဖမ်းခံထားရတဲ့ ထောင်နဲ့ချီတဲ့ အမျိုးသားတွေရဲ့ အချက်အလက်တွေကို ရရှိထားပြီးတော့ ဒဏ်ရာရသူတွေရဲ့ အချက်အလက်တွေလည်း ရောက်လာတော့မှာပါလို့လည်း ပြောပါတယ်။
ရဲတပ်ဖွဲ့ကတော့ အင်္ဂါနေ့ညပိုင်းက စစ်ဆင်ရေးမှာ သေစေနိုင်တဲ့ လက်နက်တွေ အသုံးမပြုဘူးလို့ အစောပိုင်းမှာ ပြောကြားထားခဲ့ပြီး ဆန္ဒပြသူ ရာနဲ့ချီ ဖမ်းဆီးခံခဲ့ရပါတယ်။
အခုသီတင်းပတ်အတွင်းမှာ မြို့တော်ကို စီးနင်းဝင်ရောက်လာပြီး ထောင်ကျနေတဲ့ ဝန်ကြီးချုပ်ဟောင်း အင်မရန်ခန်းကို လွှတ်ပေးဖို့ တောင်းဆိုကြတဲ့ ထောက်ခံဆန္ဒပြသူ အယောက် ၁,၀၀၀ နီးပါးကို ပါကစ္စတန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ကြောင်း အစ္စလာမ်မာဘဒတ် ရဲချုပ် အလီ ရစ်ဇ်ဗီက နိုဝင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
ရစ်ဇ်ဗီက စစ်ဆင်ရေးအတွင်း ကျည်အစစ်ကို အသုံးမပြုခဲ့ကြောင်း ငြင်းဆိုခဲ့ပြီး အရန်တပ်ဖွဲ့တွေနဲ့အတူ ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။
လူတွေ ရာနဲ့ချီပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်သတ်ခံရမှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး ပါကစ္စတန် ပြန်ကြားရေးဝန်ကြီးနဲ့ အစ္စလာမ်မာဘတ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူတို့က မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို တုံ့ပြန်ခြင်းမရှိပါဘူး။
Source : Reuters