တရုတ်-မြန်မာနယ်စပ် မူဆယ် ဆင်ဖြူ-ကျယ်ဂေါင် ဂိတ်ကနေ ကုန်စည်တင်သွင်းမှုပုံစံ ထပ်တိုးကန့်သတ်လိုက်ကြောင်း နယ်စပ် အဝင်အထွက် လုပ်နေသူတွေဆီက သိရပါတယ်။
ဆိုင်ကယ်နဲ့ ပစ္စည်းသယ်ဆောင်နေတဲ့ အမျိုးသားတယောက်က “ဒီဇင်ဘာ ၁ ရက်နေ့ကစ ဆိုင်ကယ်တွေ ရှေ့တထုပ်၊ နောက်တထုပ်ပဲ ရတော့မယ်လို့ စာထွက်လာတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး” လို့ ပြောပါတယ်။
လက်ရှိမှာတော့ အထည်တမျိုးပဲ အများကြီး သယ်လို့မရပေမဲ့ အဝောာ်အသင့် တင်လို့ရတယ်လို့ သူကပြောပါတယ်။
နယ်စပ်ဂိတ်မှာ ပစ္စည်းကယ်ရီလုပ်နေတဲ့ အမျိုးသားတယောက်က “ပစ္စည်းတမျိုးနည်းနည်း အစုံတင်မှရတာ။ အရင်လို ပစ္စည်းတွေ အများကြီးလည်း တင်လို့ မရဘူး။ ဒါပေမဲ့ သယ်ခကတော့ လျော့မသွားပါဘူး။ ဈေးရပါတယ်” လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဆိုင်ကယ်တစီး မြန်မာဘက် ပြန်ထွက်နိုင်ဖို့ ကျယ်ဂေါင်မှာ ၅ ရက်ဝန်းကျင် တန်းစီရတယ်လို့ သူကပြောပါတယ်။
ဆင်ဖြူစစ်ဆေးရေးဂိတ်ကနေ ကုန်ပစ္စည်းတင်ဆောင်မယ့် မော်တော်ယာဉ်နဲ့ မော်တော်ဆိုင်ကယ်တွေ အနေနဲ့ လာမယ့် ဒီဇင်ဘာ ၁ ရက်ကစပြီး သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ ခွင့်ပြုမိန့်တွေ ပါရှိရမှာဖြစ်ကြောင်း အပါအဝင် ကုန်ပစ္စည်းတွေ တင်ဆောင်ရာမှာ လိုက်နာရမယ့် အချက် ၆ ချက်ပါ အသိပေးစာ ထုတ်ပြန်ထားပါတယ်။
စက်ဘီးနဲ့ ပစ္စည်းသယ်သူတယောက်က “အခုစာက မြန်မာဘက်က ထုတ်ပြန်တာပါ” လို့ ပြောပါတယ်။
မူဆယ်မြို့နယ်အတွင်း စားသုံးဖို့ မီးဖိုချောင်သုံး အသီးအနှံ၊ အသား၊ ငါးတွေကိုသာ တရုတ်ဘက်ကနေ မြန်မာဘက် တင်သွင်းခွင့်ပြုမှာဖြစ်ကြောင်း ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။
အေးခဲသားတွေ အပါအဝင် တခြား လူသုံးကုန်ပစ္စည်းတွေ တင်ဆောင်ခွင့်မပြုကြောင်း၊ အိမ်စီးကားတွေ၊ စက်ဘီး၊ လက်တွန်းလှည်းတွေနဲ့ ကုန်ပစ္စည်းတင်ဆောင်မှု လုံးဝ (လုံးဝ) ခွင့်မပြုကြောင်းလည်း ဖော်ပြထားပါတယ်။
ဆိုင်ကယ်တွေနဲ့ ကုန်ပစ္စည်းတင်ဆောင်ရာမှာလည်း စားသုံးဖို့ဖြစ်တဲ့ မီးဖိုချောင်သုံး အသီးအနှံတွေ၊ အသားနဲ့ ငါးတွေကို တင်ဆောင်ခွင့်ပြုပေမဲ့ အလွန်အကျွံ တင်ဆောင်တာကို ခွင့်မပြုကြောင်း၊ ဆိုင်ကယ်နောက်မှာ တထုပ်၊ ရှေ့မှာ တထုပ်သာ ခွင့်ပြုမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။
မူဆယ်မြို့ပေါ်မှာ တရုတ်ဘက် ကျယ်ဂေါင်ကိုသွားတဲ့ မန့်ဝိန်းဂိတ်၊ နန်းတော်ဂိန်၊ ဆင်ဖြူဂိတ် စတဲ့ ဂိတ် ၃ ဂိတ်ရှိပြီး မန့်ဝိန်း-ကျယ်ဂေါင်ဂိတ်ကနေတော့ နှစ်နိုင်ငံ တရားဝင် အခွန်ဆောင်ထားတဲ့ ကုန်တင်ကားကြီးတွေကို ဖြတ်သန်းခွင့်ပြုထားပါတယ်။
နန်းဝောာ်-ကျယ်ဂေါင် ဂိတ်ကနေတော့ နှစ်နိုင်ငံ တာဝန်ရှိ လူကြီးကားတွေ၊ လူနာကားတွေနဲ့ လူသာ ဝင်ထွက်ခွင့်ပြုကာ ဆင်ဖြူ-ကျယ်ဂေါင်ဂိတ်ကနေတော့ လူအဝင်အထွက်၊ တနိုင်တပိုင် ကုန်စည်၊ စက်ဘီး၊ ဆိုင်ကယ်၊ ၁၆ ဘီးကားတွေ ဖြတ်သန်းခွင့်ပြုထားတာ ဖြစ်ပါတယ်။