တရုတ်-ကချင်နယ်စပ်၊ ကံပိုင်တည်ကနေ တရုတ်ဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့ကို နိုဝင်ဘာ ၂၃ ရက် ညမှာ တရုတ်အစိုးရက မူဆယ်ဘက် ကူညီပို့ဆောင်ခဲ့တယ်လို့ နယ်စပ်ဒေသခံတွဆီက သိရပါတယ်။
အဲဒီ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၀ ရက်နေ့က ကံပိုင်တည်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် တရုတ်နယ်စပ်ဘက်ထဲ ထွက်ပြေး ဆုတ်ခွာသွားတာ ဖြစ်ပါတယ်။
နယ်စပ်ဒေသခံတယောက်က “ကံပိုင်တည်ကနေ တရုတ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီရဲ့ စစ်သားဒုက္ခသည်တွေကို မူဆယ်ဘက် တရုတ်အစိုးရက ကားတန်းရှည်ကြီးနဲ့ ပို့ပေးနေတာ” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ် ပူးပေါင်းအင်အား ၃၀၀ ကျော်ကို တရုတ်စစ်တပ် PLA က လုံခြုံရေးယူပြီး မူဆယ်ဘက်ကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရကြောင်းလည်း သူက ပြောပါတယ်။
နောက်ထပ် ဒေသခံတယောက်ကလည်း “စစ်ကောင်စီစစ်သားတွေကို ကျယ်ဂေါင်- မန့်ဝိန်းဂိတ်ကနေ ပို့ပေးတာ။ မနေ့ည နိုဝင်ဘာ ၂၃ ရက်နေ့ ည ၇ နာရီခွဲ ဝန်းကျင်လောက်က” လို့ ပြောပါတယ်။
စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ ၃၀၀ ကျော် မူဆယ်ဘက်ကို ရောက်လာတာကြောင့် ရှမ်းမြောက်မှာ စစ်ကောင်စီအင်အား ထပ်တိုးတဲ့သဘောပဲလို့ သူက ပြောပါတယ်။
စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရမ်ချန်နယ်မှာလည်း ကံပိုင်တည်ဘက်ကနေ အထက်အမိန့်မရဘဲ တပ်ဆုတ်ပြေးလာကြသူတွေ မူဆယ်ကို ရောက်ရှိလာတယ်လို့ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကလည်း တရုတ်-မြန်မာ နယ်စပ် လွယ်ဂျယ်မှာ ကျန်ရှိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို တရုတ်ဘက်က ကူညီပြီး မူဆယ်ဘက်ကို ပို့ဆောင်ပေးခဲ့ပါတယ်။