Home
ဆောင်းပါး
အရာကျသွားတဲ့ ဟောင်ကောင်
DVB
·
November 22, 2024
Photo : Reuters

ဟောင်ကောင် ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ၊ Apple Daily သတင်းစာတိုက်ပိုင်ရှင် ဂျင်မီလိုင်းကို ဗုဒ္ဓဟူးနေ့က ဟောင်ကောင်မှာ ပထမဆုံး ရုံးထုတ်စစ်ဆေးပါတယ်။ ဂျင်မီလိုင်းကို ဖမ်းဆီးထိန်းသိမ်းထားတာ ၄ နှစ်ရှိပါပြီ။ ဟောင်ကောင်တရားရုံးက အမှု ၅ မှုနဲ့ တရားစွဲဆိုခဲ့ရာမှာ ပထမ ၄ မှုမှာ ကျန်းမာရေးအရ အစစ်ဆေးမခံနိုင်ခဲ့ဘဲ အခု နောက်ဆုံးအမှုကျမှ ရုံးထုတ်အစစ်ဆေးခံခဲ့တာ ဖြစ်တယ်။ နောက်ဆုံး စွဲထားတဲ့အမှုက ပြည်ပအင်အားစုများနဲ့ ပူးပေါင်းပြီး နိုင်ငံတော်ကို လုပ်ကြံမှုလို့ ဆိုတယ်။

အချုပ်ထောင်ဝန်ထမ်း ၄ ဦး ခြံရံထားပြီး တရားရုံးသက်သေ ထွက်ဆိုချက်ပြုရာ အကန့်ထဲကနေ ဂျင်မီလိုင်း ထွက်ဆိုခဲ့တာကတော့ သူ့ရဲ့သတင်းစာဟာ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအပေါ်မှာ အခြေခံရပ်တည်ခဲ့တာ ဖြစ်တယ်။ Apple Daily သတင်းစာရဲ့ အဓိကတန်ဖိုးဟာ ဟောင်ကောင်ပြည်သူတွေဖြစ်ပြီး တရားဥပဒေစိုးမိုးမှု၊ လွတ်လပ်မှု၊ ဒီမိုကရေစီလိုက်နာမှု၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်နဲ့ လွတ်လပ်စွာ စုဝေးခွင့် ဖြစ်တယ်လို့ ဆိုတယ်။

ဂျင်မီလိုင်းက သူ မီဒီယာစီးပွားရေးထဲ ဝင်ရောက်လာခြင်းဟာ “လွတ်လပ်မှု” ကို မြတ်နိုးလို့ဖြစ်ပြီး လူတွေကို လွတ်လပ်ခြင်းတွေ မျှဝေပေးဖို့ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး “အကြမ်းဖက်မှု” ကို ဆန့်ကျင်ကြောင်းနဲ့ ဟောင်ကောင်လွတ်လပ်ရေးအတွက် တိုက်တွန်းခြင်း မရှိဘူးလို့ ထွက်ဆိုခဲ့တယ်။

ဂျင်မီလိုင်းဟာ အသက် ၇၆ နှစ် ရှိပါပြီ။ ၂၀၁၉  ခုနှစ် ဟောင်ကောင်ဒီမိုကရေစီ ဆန္ဒပြပွဲကြီးမှာ ဆန္ဒပြသူတွေဘက်က ထောက်ခံအားပေးခဲ့လို့ သူ့ကို ဖမ်းဆီးခဲ့ပြီး သူ့ရဲ့သတင်းစာ Apple Daily ကို ၂၀၂၁ ခုနှစ်မှာ ဟောင်ကောင်အစိုးရက ပိတ်ပင်ပစ်ခဲ့တယ်။

ခုလို ဂျင်မီလိုင်း ဖမ်းဆီးထိန်းသိမ်းခံရခြင်းဟာ တရုတ်အစိုးရက အသစ်ပြဋ္ဌာန်းလိုက်တဲ့ “အမျိုးသားလုံခြုံရေးဥပဒေ” (National Security Law) ကြောင့်ပါ။ ဒီဥပဒေ ပြဋ္ဌာန်းပြီးချိန်ကစလို့ ဟောင်ကောင်မှာ နိုင်ငံရေးလွတ်လပ်ခွင့်တွေ ဆုံးရှုံးပျောက်ကွယ်သွားပြီး ဆန္ဒပြသူ အများအပြား ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်။

ဂျင်မီလိုင်းကို ရုံးထုတ်တဲ့နေ့ဟာ ဟောင်ကောင်တရားရုံးက ဒီမိုကရေစီအရေး လှုပ်ရှားတက်ကြွသူ ၄၅ ဦးကို ထောင်ဒဏ်ပြစ်ဒဏ် ချမှတ်လိုက်ပြီး နောက်တနေ့မှာပဲ ဖြစ်တယ်။

ဗုဒ္ဓဟူးနေ့က ဟောင်ကောင်တရားရုံး အပြင်ဘက်မှာ မိုးတွေရွာနေပြီး “လျူ” လို့ အမည်ရတဲ့ အသက် ၈၀ အရွယ်ရှိ အငြိမ်းစားတဦးက “သူဟာ ကျနော်တို့ လေးစားထိုက်တဲ့ ပုဂ္ဂိုလ်တဦးပါ။ သူ့မှာ ပိုက်ဆံတွေ အများကြီးရှိတယ်။ သူ ဟောင်ကောင်ကနေ အချိန်မရွေး ထွက်သွားလို့ရတယ်။ ဒါပေမဲ့ သူ ထွက်ခွာမသွားခဲ့ဘူး။ ဟောင်ကောင်ဒီမိုကရေစီအရေးမှာ သူ့မှာ တာဝန်ရှိတယ်လို့ ခံယူခဲ့တယ်” လို့ ရိုက်တာသတင်းဌာနကို ပြောကြားခဲ့တယ်။

ဂျင်မီလိုင်းကို ဖမ်းဆီးထိန်းသိမ်းထားတာနဲ့ ပတ်သက်လို့ ကမ္ဘာ့နိုင်ငံအများအပြားရဲ့ ပြစ်တင်ဝေဖန်မှုကို ဟောင်ကောင်နဲ့ တရုတ်အစိုးရက ပယ်ချခဲ့ပြီး တရုတ်အစိုးရက ဂျင်မီလိုင်းဟာ တရုတ်ဆန့်ကျင်ရေး အင်အားစုတွေရဲ့ သူလျှိုတဦး ဖြစ်တယ်လို့ စွပ်စွဲခဲ့တယ်။

ဂျင်မီလိုင်းဟာ ဗြိတိသျှနိုင်ငံသားလက်မှတ် ကိုင်ဆောင်ထားသူဖြစ်ပြီး သူ့ လွတ်မြောက်ရေးဟာ ဗြိတိန်အစိုးရရဲ့ ဦးစားပေးတခုဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကိုင်စတာမာက ပြောကြားခဲ့ပြီး လက်ရှိကျင်းပနေတဲ့ G20 ထိပ်သီးအစည်းအဝေးမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ တွေ့တဲ့အခါ ဒီကိစ္စ ထပ်ပြောမယ်လို့ ဆိုတယ်။

(၂)

၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက်၊ ဗြိတိန်က ဟောင်ကောင်ကို တရုတ်နိုင်ငံထံ ပြန်လည်လွှဲပြောင်းပေးလိုက်ပြီးချိန်က စလို့ ဟောင်ကောင်ရဲ့ ဒီမိုကရေစီဟာ ဆုံးရှုံးသွားခဲ့ပြီ ဖြစ်တယ်။ တချိန်က တောက်ပခဲ့တဲ့ ဟောင်ကောင်ဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့ပြီး အာရှမှာ အချမ်းသာကြွယ်ဝဆုံး မြို့ကြီးတမြို့ အဖြစ်ကနေ နိမ့်လျှောလာခဲ့ပြီ ဖြစ်တယ်။

၁၉၇၀ ပြည့်လွန်နှစ်များက ဟောင်ကောင်ဟာ ကမ္ဘာမှာ စီးပွားရေးအရ အဖွံ့ဖြိုး အတိုးတက်ဆုံး မြို့ကြီးတမြို့ဖြစ်ပြီး ၁၉၈၀၊ ၁၉၉၀ ပြည့်လွန်နှစ်များအထိ ဟောင်ကောင်ဟာ စတုတ္ထမြောက် ကမ္ဘာ့အကြွယ်ဝဆုံးမြို့ကြီး ဖြစ်ခဲ့တယ်။ ဗြိတိသျှအစိုးရရဲ့ ၁၅၆ နှစ်ကြာ အုပ်ချုပ်မှု အဆုံးသတ်ပြီး ၁၉၉၇ ခုနှစ်၊ ဇူလိုင်လ ၁ ရက် တရုတ်နိုင်ငံကို ပြန်လည်လွှဲပြောင်းပေးလိုက်ချိန်က စလို့ ဟောင်ကောင်ရဲ့ တောက်ပမှုတွေဟာ တဖြည်းဖြည်း မှေးမှိန်လာခဲ့တယ်။ စစ်တမ်းတခုအရ ၂၀၁၂ ကနေ ၂၀၂၃ ခုနှစ်အတွင်း ဟောင်ကောင်က သန်းကြွယ်သူဌေး ၂၇ ရာခိုင်နှုန်း ပြည်ပကို ပြောင်းရွှေ့ထွက်ခွာသွားတယ်လို့ သိရတယ်။ ဟောင်ကောင်ရဲ့ ကြွယ်ဝမှုကလည်း ကမ္ဘာ့အဆင့် ၇ ကို နိမ့်ကျသွားပြီး စင်ကာပူက နံပါတ် ၅ အဆင့်ကို ခုန်တက်လာခဲ့တယ်။ ဒီအတောအတွင်း စင်ကာပူမှာ ချမ်းသာကြွယ်ဝသူ မီလျံနာ ၄၀ ရာခိုင်နှုန်း တိုးပွားလာတယ်။

တရုတ်အစိုးရဟာ ဟောင်ကောင်နဲ့ မက္ကာအိုကို တနိုင်ငံ စနစ်နှစ်မျိုး (one country two systems) ပုံစံနဲ့ အုပ်ချုပ်တယ်ဆိုပေမဲ့ ၂၀၂၀ ပြည့်နှစ်က ပြဋ္ဌာန်းလိုက်တဲ့ အမျိုးသားလုံခြုံရေးဥပဒေ (National Security Law) ကြောင့် ဟောင်ကောင်မှာ လူထုဆန္ဒပြပွဲကြီး အကြီးအကျယ် ဖြစ်ပေါ်ခဲ့ပြီး ဒီမိုကရေစီအခြေခံအခွင့်အရေးတွေဖြစ်တဲ့ လွတ်လပ်စွာ ထုတ်ဖော်၊ ပြောဆို၊ စည်းရုံးခွင့်တွေ ဆုံးရှုံးခဲ့တယ်။ ဟောင်ကောင်ပြည်သူ သန်းနဲ့ချီပါဝင်ဆင်နွှဲခဲ့တဲ့ ထီးတော်လှန်ရေး (umbrella revolution) ဆန္ဒပြပွဲကြီးကို နှိမ်နင်းပြီးချိန်ကစလို့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ကြွယ်ဝချမ်းသာသူ ဟောင်ကောင်နိုင်ငံသား အများအပြားဟာ ပြည်ပကို ပြောင်းရွှေ့ထွက်ခွာသွားခဲ့ကြတဲ့အတွက် ခုဆိုရင် ဟောင်ကောင်လူဦးရေဟာ ၁ ဒသမ ၄ ရာခိုင်နှုန်း လျော့နည်းသွားပြီလို့ ဆိုတယ်။

ဟောင်ကောင်က ချမ်းသာကြွယ်ဝသူ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ထင်ရှားကျော်ကြားသူတချို့ ပြည်ပကို ပြောင်းရွှေ့နေထိုင်ကြရာမှာ တချို့က စင်ကာပူနိုင်ငံကို ပြောင်းရွှေ့အခြေချလာတယ်။ ဟောင်ကောင် အက်ရှင်မင်းသားကြီး ဂျက်လီ စင်ကာပူကို ပြောင်းရွှေ့အခြေချလာသလို တခြားသော စီးပွားရေးလုပ်ငန်းရှင်တွေလည်း စင်ကာပူကို ပြောင်းရွှေ့လာကြတယ်။

နာမည်ကျော် အလီဘာဘာ ကုမ္ပဏီကို ထူထောင်ခဲ့တဲ့ ဂျက်မားလည်းပဲ တရုတ်အစိုးရကို ဝေဖန်မိလို့ အခု ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ခပ်လျှိုလျှိုလေး နေနေရတယ်။

တကယ်တော့ ဟောင်ကောင်ဟာ တချိန်က အာရှရဲ့ ပုလဲရတနာပါ။ ၁၉၇၀ ပြည့်လွန်၊ ၈၀ ပြည့်နှစ်တွေက ဟောင်ကောင်ရုပ်ရှင်ကားတွေဟာ ဟောလိဝုဒ်နဲ့ ဘောလိဝုဒ်ပြီးရင် ကမ္ဘာကို ထိုးဖောက်မှုအများဆုံး ရုပ်ရှင်တွေ ဖြစ်ခဲ့တယ်။ ဟောင်ကောင်ဟာ အရင်လို ကမ္ဘာကြီးကို ဆွဲဆောင်နေတဲ့ မြို့ကြီးတမြို့ မဟုတ်တော့ဘူး။ မိုးမျှော်တိုက်ကြီးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ ဟိုတယ်တွေ၊ အဝေးပြေးလမ်းမတွေ၊ မြေအောက်လမ်းတွေ၊ နီယွန်မီးရောင်တထိန်ထိန်နဲ့ စည်ကားခဲ့တဲ့ ဟောင်ကောင်ရဲ့ တောက်ပမှုတွေဟာ တရုတ်အစိုးရက လွှဲပြောင်းယူလိုက်တဲ့ ၁၉၉၇  ခုနှစ်က စလို့ တဖြည်ဖြည်း မှေးမှိန်သွားခဲ့ရပြီလို့ ဆိုရမယ်။

CWM

Ref: Hong Kong tycoon Jimmy Lai tells court he championed "freedom" CNA

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013