ရှမ်းပြည်မြောက်ပိုင်း၊ မြန်မာ-တရုတ်နယ်စပ်က TNLA ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့နဲ့ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ မူဆယ်မြို့အကြား စက်သုံးဆီနဲ့ စားသောက်ကုန်သယ်ယူခွင့်တွေကို နှစ်ဖက် လက်နက်ကိုင်တွေက အပြန်အလှန် ပိတ်ပင်လိုက်ကြောင်း ဒေသခံတွေက DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့လပိုင်းကစလို့ လက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်ကပိတ်လိုက်လို့ နမ့်ခမ်းအပါအဝင် ရှမ်းမြောက်မှာ ကုန်ဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတာပါ။
မန္တလေးဘက်ကနေ ရှမ်းမြောက်ကို ရိက္ခာဝင်နိုင်တဲ့လမ်းကြောင်းတွေကို ပိတ်ဆို့နေတဲ့စစ်တပ်က နိုဝင်ဘာ ၂၃ ရက် ဝန်းကျင်ကစလို့ မူဆယ်နဲ့ နမ့်ခမ်းမြို့အကြား ကုန်ပစ္စည်းသယ်ယူခွင့်ကိုပါ ပိတ်ပင်လိုက်တာပါ။
မူဆယ်ဒေသခံတယောက်က “ကုန်စိမ်းတွေက စပြီးတော့ စက်သုံးဆီတွေပေါ့။ စစ်တပ်ဘက်က ပိတ်နေတာပေါ့။ နမ့်ခမ်းဘက်ကနေ ပိတ်တာကျတော့ မြန်မာဘက်ကနေလာတဲ့ ဆီတွေပေါ့၊ ဒီဇယ်၊ ဓာတ်ဆီတွေ စက်သုံးဆီတွေ။ အဲတာကျတော့ TNLA ဘက်ကနေပိတ်တာ၊ ဒီဘက်ကို မလာခိုင်းဘူးပေါ့။ တလှည့်စီ ဖြစ်နေတာ။ ပန်ခမ်းကနေ နောင်ခမ်းထိ ပန်ခမ်း ဆိုတာ မူဆယ်အထွက်ပေါ့၊ နောင်ခမ်းကျတော့ ကျနော်တို့ နမ့်ခမ်းအစပ်နားက အဲမှာကျတော့ TNLA ရှိတယ်”လို့ ပြောပါတယ်။
စစ်ကောင်စီက မူဆယ်အထွက် ပန်ခမ်းဂိတ်မှာ ဓာတ်ဆီ ၁ ပုလင်းတောင် ပေးမဝင်တဲ့အထိ စစ်ဆေးရေး တင်းကျပ်ထားပေမဲ့ လူ အဝင်၊ အထွက်ကိုတော့ ကန့်သတ်တာ မရှိဘူးလို့ ဆိုပါတယ်။
ဒါအပြင် စစ်တပ်က ရပ်စောက်-တောင်ကြီးလမ်း အပါအဝင် မန္တလေးကနေ ရှမ်းမြောက်ကို ရိက္ခာသယ်ယူခွင့်တွေ ပိတ်ထားကြောင်း နမ့်ခမ်းဒေသခံတယောက်က ပြောပါတယ်။
ဒေသခံတွေ သုံးနေတဲ့ ကွင်းလမ်းတွေ ရေကြီးပြီး လမ်းပျက်ထားကာ စကစ ဂိတ်တချို့ကို ဖြတ်ရသေးတာကြောင့် ရှမ်းမြောက်မှာ ရိက္ခာပြတ်လပ်မှာကို စိုးရိမ်ရတယ်လို့ နမ့်ခမ်းဒေသခံက ပြောပါတယ်။
“အစားအသောက်နဲ့ လူသုံးကုန်ပစ္စည်းတွေကတော့ သူတို့သာ အဲလို ထပ်ပိတ်ထားမယ်ဆိုရင်တော့ သေချာပေါက်ကတော့ ပြတ်လပ်သွားနိုင်တယ်။ ဟို မန္တလေးဘက်ကလာတဲ့ ကုန်လည်း ရတယ်၊ ပြီးတော့ တရုတ်ကုန်ပစ္စည်းတွေလည်း ရတယ်ဆိုရင် ကျနော်တို့က ဒီကနေတဆင့် နမ့်ခမ်းကနေတဆင့် ကချင်ပြည်နယ်နယ် နယ်စပ်မျဉ်းတလျှောက်ကနေပြီးတော့ လွယ်ဂျယ်၊ မိုင်ဂျာယန်၊ လိုင်ဇာ၊ ဗန်းမော်အထိ ပို့ရတာပေါ့။ အဲလိုမျိုးအချိန်မှာ ဒီလိုမျိုးပိတ်ဆို့လိုက်တဲ့ အခြေအနေတခုမှာက ကချင်ပြည်နယ်အထိပါ သွားပြီး ရိုက်ခတ်မှုရှိနေတယ်။”
တရုတ်နဲ့ စစ်ကောင်စီတပ်ရဲ့ ပိတ်ပင်မှုတွေကြောင့် နမ့်ခမ်းမှာ ၂ လအတွင်း တချို့စားသောက်ကုန်တွေ ဈေးနှုန်း ၂ ဆအထိ တက်လာပြီး စက်သုံးဆီဈေးနှုန်းကလည်း ၁ လီတာကို ကျပ် ၁၀၀၀၀ ကျော်နေကာ ဈေးနှုန်းထပ်မံမြင့်တက်နေကြောင်း ပြောပါတယ်။
လက်ရှိအချိန် မူဆယ်-နမ့်ခမ်းမှာ စစ်ရေးတင်းမာတာမရှိပေမဲ့ စစ်ကောင်စီဘက်ကို ကန်ပိုက်တည်ဘက်က လက်နက်ချ စစ်သား ၃၀၀ ကျော် ရောက်ထားသလို ညဘက်တွေမှာ လေယာဉ်နဲ့ ကင်းထောက်တာတွေ ရှိနေတယ်လို့ ဆိုပါတယ်။
စိုးသူအောင်