Home
မြန်မာသတင်း
မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် ဂိတ် ပြန်ဖွင့်
DVB
·
November 21, 2024

မြန်မာနိုင်ငံရဲ့ အရှေ့မြောက် စီးပွားရေး တံခါးပေါက်ဖြစ်တဲ့ တရုတ် - မြန်မာ နယ်စပ်၊ မူဆယ် ကျင်စန်းကျော့ - ဝမ်တိန် နယ်စပ်ဂိတ်ကို နိုဝင်ဘာလ ၂၁ ရက်နေ့ မနက် ပိုင်းကစ ပြန်ဖွင့်လိုက်ပြီလို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ကုန်စည် တင်သွင်း၊ တင်ပို့တဲ့ ကိုယ်စားလှယ်တယောက်က “ဒီနေ့ (နိုဝင်ဘာလ ၂၁ ရက်) ကစ ကျင်းစန်းကျော့ ဂိတ်ဖွင့်ပြီ။ ဒါပေမဲ့ တရုတ်ဘက်က ပေးမထွက်သေးဘူး။ ဒီ မြန်မာနိုင်ငံဘက်က ပြောင်းတွေ၊ မီးသွေးတွေ ပေးဝင်နေတယ်” လို့ ပြောပါတယ်။ 

လက်ရှိမှာတော့ ပြောင်း အရင်ပေးဝင်နေပြီး မီးသွေးတော့ ပေးမဝင်သေးတာတွေ့ရပြီး အခြေအနေ ဘယ်လိုပြန်ဖြစ်လာမလဲ ဆိုတာတော့ မသိနိုင်ပေမဲ့ တရုတ်ဘက် တင်ပို့မယ့် ပြောင်းတွေ၊ မီးသွေးတွေ မြန်မာဘက်ခြမ်း ကျင်စန်းကျော့က ဂိုဒေါင်တွေမှာ အများအပြား သိုလှောင်ထားကြတယ်လို့ သူက ပြောပါတယ်။

“ဂိုဒေါင်မှာ သိုလှောင်ထားတဲ့ ပြောင်း၊ မီးသွေးတွေ သယ်ယူပြီးသွားရင် ပြန်ပိတ်မလား၊ ဘယ်လို ဖြစ်လာမလဲတောင် မသိသေးဘူး။ ပန်ဆိုင်း (ကြူကုတ်) - ဝမ်တိန် ဂိတ်ဘက်လည်း ဖွင့်တာ မကြာသေးဘူး။” 

ကျင်စန်းကျော့ - ဝမ်တိန်ဂိတ် ပိတ်သွားတာ ၄ လ လောက်တော့ ရှိပြီဖြစ်ပြီး တရုတ်ဘက်က‌ ကြံနဲ့ ပြောင်းတွေ သယ်ယူပြီးရင် ပြန်ပိတ်ရင် ပိတ်သွားနိုင်တယ်၊ ပန်ဆိုင်း (ကြူကုတ်)ဘက် ဂိတ်က ဟိုတလောက ခဏလေးပဲပိတ်ပြီး တလလောက် ဆိုရင် ပြန်ဖွင့်နေပြီဖြစ်ကာ ကားလေးတွေ၊ သုံးဘီးတွေ၊ သစ်သီးတွေတော့ အဝင် အထွက်တော့ လုပ်နေတယ်လို့ သူက ရှင်းပြပါတယ်။

တရုတ်နိုင်ငံရဲ့ မူဝါဒ၊ ဥပဒေ အရတော့ ဘိန်း အစားထိုးသီးနှံကို တင်သွင်းခွင့်ပြုကြောင်း နယ်စပ် ကုန်သည် လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“အဓိကတော့ ကြံပေါ့။ မီးသွေးတော့ မငပးလောက်ဘူး။ သူတို့ အခုလောလောဆယ် သူတို့ ဥပဒေက။ ဒီ ကြံရယ်၊ ပြောင်းဖူး ကျတော့ ဘိန်းအစားထိုးလေ။ သူတို့လည်း လိုအပ်တဲ့ ပစ္စည်းလေနော်။ မီးသွေးကျတော့ ဘိန်းအစားထိုးလည်း မဟုတ်ဘူး။ သူတို့ မလွှတ်လောက်ဘူးထင်တယ် ကျနော် ထင်တာ။” 

ရှမ်းပြည်နယ် မြောက်ပိုင်းနဲ့ ထိစပ်နေတဲ့ တယ်ဟုန်ခရိုင်၊ ကချင်ပြည်နာ်နဲ့ ထိစပ်နေတဲ့ ပေါက်ရှန်း ခရိုင်တွေမှာဆိုရင် မြန်မာနိုင်ငံက ပြောင်းဖူး မရှိရင် အဲဒီဒေသခံတွေရဲ့ မွေးမြူရေးက တအားဒုက္ခ ရောက်တယ်လို့ ဆိုပါတယ်။

"ဗမာပြည်က ပစ္စည်းမဝင်ရင် သူတို့ ပိုတောင်ခက်ဦးမယ်။ ဆန်၊ စပါးတွေ၊ ပဲတွေက ခင်ဗျားကလည်း ဒီလို ဈေးပေါပေါနဲ့ရတာ ဗမာ ပြည်ပဲ ရှိတော့တယ်။ နိုင်ငံခြားမှာဆိုရင် အခုရောင်းတဲ့ တန်ဖိုးဆိုရင် အလုပ်သမားခတောင် မလာဘူးလေ။” 

ကြံသွင်းယူဖို့နဲ့ တရုတ်ဘက်က လိုချင်တာတွေ သွင်းယူမလို့ ဖွင့်တာလို့ ယူဆရပြီး မြန်မာဘက် မူဆယ်လမ်းကတော့ အေးရှားဝေါ (ဂိတ်) မဖွင့်ရင် ဘာမှလုပ်မရဘူးလို့ နယ်စပ်ကုန်သည်တွေက ပြောပါတယ်။

မူဆယ် ၁၀၅ ကုန်သွယ်ရေးဇုန်ထဲက နယ်စပ်ဂိတ်တခုဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို ၂၀၂၃ ခု နိုဝင်ဘာ ၂၅ ရက်နေ့ မနက်မှာ MNDAA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013