Home
မြန်မာသတင်း
မူဆယ် ဆင်ဖြူဂိတ်မှတဆင့် တနိုင်တပိုင်ကုန်သယ်ခွင့် တရုတ်ဘက်က ပိတ်
DVB
·
October 23, 2024
Myanmar-China border_23102024

မြန်မာ-တရုတ်နယ်စပ် မူဆယ်မြို့ ဆင်ဖြူဂိတ်ကတဆင့် တနိုင်တပိုင်ကုန်ပစ္စည်းသယ်ယူခွင့်ကို တရုတ်ဘက်အခြမ်းက အောက်တိုဘာ ၂၂ ရက်ကစပြီး ပိတ်လိုက်ကြောင်း  နယ်စပ်ကုန်သည် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။

ဆင်ဖြူနယ်စပ်ဂိတ်ကတဆင့် မြန်မာနိုင်ငံထဲကို အီလက်ထရောနစ်ပစ္စည်း၊ အိမ်သုံးကုန်နဲ့ လူသုံးကုန်၊ ဆေးဝါး၊ စက်ကိရိယာနဲ့ စက်ယန္တရား စတဲ့ တင်သွင်းမှုအားလုံးကို တရုတ်ဘက်က အောက်တိုဘာ ၂၂ ရက်ကစပြီး ပိတ်ပင်လိုက်တာလို့ နယ်စပ်ကုန်သည်တယောက်က ပြောပါတယ်။

“ပထမတိုက်ပွဲဖြစ်ပြီး ဂိတ်တွေပိတ်လိုက်တော့ အကုန်လုံး အလုပ်လက်မဲ့ဖြစ်ကုန်တာပေါ့။ ဂိတ်ပြန်ဖွင့်တော့လည်း တနိုင်တပိုင်ကုန်သယ်လို့ရနေတာ။ အဲဒီကုန်ပစ္စည်းတွေကို အရင်ထဲက မြန်မာဘက်အခြမ်းက ပိတ်ထားတာ။ ရဲတို့၊ လဝကတို့ကို နားလည်မှုနဲ့ ငွေပေးပြီး သယ်ကြတာပေါ့။ တရက်ကို ဂိတ်မှာ လူအဝင်အထွက်က နှစ်ထောင်လောက်ရှိတယ်။ အခု မြန်မာစစ်တပ်ဘက်က တောင်းဆိုလို့ ထင်တယ် တရုတ်ဘက်ကပိတ်လိုက်တာ။”

အဲဒီ တားမြစ်ပစ္စည်းတွေကို သယ်ယူပါက ပြည်ဝင်/ထွက်ခွင့် စာအုပ်သိမ်းတာအပြင် ပြည်ဝင်ခွင့်ကို ၄ နှစ်အထိ ပိတ်ပင်တာတွေ ပြုလုပ်သွားမှာဖြစ်ကြောင်းနဲ့  နယ်စပ်ဆင်ဖြူဂိတ်ကို ဘယ်အချိန်ထိ ပိတ်ပင်ထားမှာကို မသိရသေးကြောင်း ကုန်သည်တွေဆီက သိရပါတယ်။

မူဆယ်မြို့ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ညီနောင်မဟာမိတ်တို့ ဖော်ဆောင်ခဲ့တဲ့ "၁၀၂၇စစ်ဆင်ရေး" ကြောင့် မူဆယ်-မန္တလေး ပြည်ထောင်စုလမ်းမကြီး ပြတ်တောက်သွားခဲ့ပြီး တရုတ်နိုင်ငံဘကက တင်သွင်းတဲ့ ကုန်စည်တွေကိုသာ အားကိုးနေရတဲ့ ဒေသတခုဖြစ်ပါတယ်။

မူဆယ်မြို့ လုပ်ငန်းရှင်တယောက်က “အရင်ကဆို တရုတ်ဘက်က အသေးစိတ်စစ်ဆေးတာမရှိခဲ့ဘူး၊ မူးယစ်ဆေးလောက်ပဲစစ်တာ။ မနေ့ကစပြီး တရုတ်ဘက်မှာ အဖွဲ့စုံနဲ့ တင်းတင်းကြပ်ကြပ်စစ်ဆေးပြီး ကုန်တွေပါလာရင် အကုန်ဆွဲချထားတာ။  အဓိက စစ်ကောင်စီဘက်က ပြည်မဘက်ကို ကုန်အဝင်ကန့်သတ်ချင်လို့ ပိတ်ခိုင်းတဲ့သဘောပဲ” လို့ ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အခုလိုကုန်ပစ္စည်းတွေကို သယ်ယူခွင့်ပိတ်ပင်လိုက်တာကြောင့် ပြည်တွင်းကုန်ပစ္စည်းတွေ ရှားပါးလာကာ ဈေးတက်တာအပြင် ဝယ်ယူရခက်ခဲတာတွေနဲ့ ရင်ဆိုင်လာရနိုင်​တယ်လို့ ဒေသခံကုန်သည်တွေကြား ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013