(က)
စကားဝိုင်းကို သတင်းယူဆောင်လာသူကား စိမ်းသရဖူစိမ်း အဘစိမ်းမောင် ဖြစ်ပါ၏။ ‘ပွေးလှ’ ရွာမှာ ‘လူဝင်စား’ ကလေးငယ်တဦး ပေါ်နေသည်ဆိုသည့် သတင်းပါပေ။
“အဲသည် ‘ခွေးကျ’ ရွာက ၂ နှစ်သားလေးလေးအကြောင်း ကြားတော့ကြားတယ်ဟ စိမ်းမောင်ရ”
“ဟေ . . . ငါပြောတာ ‘ပွေးလှ’ က ကလေးအကြောင်းကွ”
“‘ပွေးလှ’ ကနေ ‘ခွေးကျ’ လို့ ရွာနာမည်ပြောင်းသွားတာ မင်းမသိဘူးလား စိမ်းမောင်”
“အဲ . . . ငါလည်း မကြားမိပါလား မူးသာ”
“လွန်ခဲ့တဲ့ ၃ လလောက်က စစ်ကြောင်းကို မိုင်းဆွဲလိုက်တာ ဖက်ဆစ်ကောင်တွေ ကျခဲ့ပြီးတဲ့နောက်မှာ ‘ခွေးကျ’ လို့ ပြောင်းလိုက်တာပါတဲ့ ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
အဘစိမ်းမောင်က ‘လချီး’ ဟု ဆဲပါလေ၏။
သူ့လူဝင်စား သတင်းထူးကို အပြောင်ဖြင့် အကြိုခံလိုက်ရ၍ တင်းသွားပါလေ၏။
“ငါတို့က နောက်တာပါကွာ၊ ဆက်ပါအုံးဟ မင့်သတင်းကို”
“အေး . . . ပွေးလှက အဲဒီ ၂ နှစ်သားလေးဟာ သူ့အဖေရဲ့အဘိုး ပြန်ဝင်စားတာတဲ့ကွ”
“ဘယ်လိုကြောင့် ပြောနိုင်တာတဲ့တုန်း”
“ဒီလိုကွ . . . အဲသည်ကလေးဟာ အဲသည်အဘိုး သီးသန့်ထိုင်ခဲ့တဲ့ထိုင်ခုံမှာပဲ အမြဲထိုင်တယ်တဲ့”
“ဆက်ပါအုံး”
“အခု သူ့အဖေရဲ့အဖေ သူ့အဘကိုလည်း ‘ဟေ့ကောင်မောင်လှ’ လို့ပဲ ခေါ်သတဲ့”
“ကလေးလေးက ‘ဦးမောင်လှ’ အဖေ ဝင်စားတယ် ဆိုပါတော့”
“အေးကွ၊ ပြီးတော့ ‘မောင်လှရေ၊ ဗီရိုထဲက ငါဝတ်နေကျ ပုဆိုးအစိမ်းလေး ထုတ်ပေးစမ်းအုံး၊ ဘာညာလို့လည်း ပြောသတဲ့ကွ”
“အင်း . . . ‘လူဝင်စား’ ဆိုတာ ရှိတာပေါ့ စိမ်းမောင်ရာ၊ အခုလက်ရှိကို ငါတို့နိုင်ငံမှာလည်း ‘လူဝင်စား’ တယောက်ကြောင့် ဒုက္ခရောက်နေကြရတယ်မဟုတ်လား”
“ဟမ် . . . လူဝင်စားက ဘယ်သူလဲဟ”
“အဲသည် လူဝင်စားက အခြားလူ ဟုတ်ပါရိုးလားဟ၊ မင်းတို့ ကိုးကွယ်ခဲ့တဲ့ ကြင်စိုး သာဝ မအလ ပေါ့”
“ဟေ . . . သူက လူဝင်စားလား၊ ဘယ်သူ ဝင်စားတာလဲ”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . သူက ‘တရုတ်ပြေးမင်း’ ဝင်စားတာတဲ့ဟ”
“ဟေ . . . ဟုတ်လား”
“သူ့ အသွားအလာ အနေအထိုင်တွေက သက်သေပဲလေကွာ စိမ်းမောင်ရာ”
“ဆိုပါအုံး လုံးတုံးရ”
“ထစ်ကနဲဆို ‘တရုတ်’ ကိုပြေးပြီ၊ ထစ်ခနဲရှိ ‘တရုတ်’ ကို ပြေးပြန်ပြီဆိုတော့ ဒင်းဟာ ‘တရုတ်ပြေးမင်း’ ဝင်စားတာပါတဲ့ ဗျား”
“ဟားဟား ဟားဟား ဟားဟား”
(ခ)
“သေနာတွေ” ဟု အဘစိမ်းမောင်က ‘တုတ်’ ပါ၏။ အရွှင်အဘတွေက တဟားဟား။ “ငါတို့က နောက်တာပါဟ” ဟု ချော့ကာ လူဝင်စားကလေးအကြောင်း ဆက်မေးပါလေ၏။
“နေပါအုံး စိမ်းမောင်ရ၊ အဲသည် ကလေးလေးက မျိုးဆက်နှစ်ခုခြားပြီး ပြန်ဝင်စားတယ်ပေါ့”
“အေးကွ၊ ပွေးလှကလူတွေ အပြောအရတော့ နောက်ထပ် ယုံကြည်ရမယ့် အချက်အလက်တွေလည်း ရှိသေးတယ်တဲ့ကွ”
“ဘယ်လိုအချက်တွေများလဲဟ”
“ဒီလို မူးသာရ၊ အဲသည် လူဝင်စားကလေးလေးရဲ့ ချိုစောင်းမှာ သူ့အဘေးလိုပဲ အမာရွတ်ကြီးတခု ပါလာတာပဲတဲ့ကွ”
“ဟေ . . . တိုက်ဆိုင်မှုတွေပေါ့”
“အေးကွ လုံးတုံးရ၊ ဒီ့ထက်ထူးတာ ရှိသေးသကွ၊ သူ့အဘေးကြီးဟာ ဥပဓိရုပ်ကောင်းကောင်းနဲ့ ‘နှုတ်ခမ်းမွေးကြီး’ ကားကားနဲ့တဲ့”
“ဟေ . . . အခု ကလေးလေးမှာလည်း နှုတ်ခမ်းမွေးကြီး ပါလာတာလား”
“ဟာ . . . ၂ နှစ်သားလေးပဲ ရှိသေးတာ၊ နှုတ်ခမ်းမွေး ပေါက်အုံးမလားဟ”
“ဒါဆိုရင် . . .”
အဘစိမ်းမောင်က ရှင်းပြလေသည်မှာ အနှီကလေးငယ်လေးမှာ ဆော့ပင်တွေ သူ့ဟာသူ ရှာပြီး သူ့နှုတ်ခမ်းအထက်မှာ နှုတ်ခမ်းမွေးတွေ ဆွဲဆွဲနေရမှ ကျေနပ်ပါသတဲ့။
“ဟား ဟား ဟား ဟား ဟား ဟား”
“ဘာထရယ်ပြန်တာလဲဟ မူးသာရ”
“ခုနက မင်းတို့အဘ မအလကို ‘တရုတ်ပြေးမင်း’ ဝင်စားသူလို့ ပြောမိတာကို ပြန်ရုပ်သိမ်းပါတယ်ကွာ”
“ဘာဖြစ်လို့လဲ”
“တကယ်တော့ မအလဟာ ‘ဟစ်တလာ’ ဝင်စားတာကွ၊ ညညဆိုရင် သူ့ကိုယ်သူ မှန်ထဲ ကြည့်ပြီး ဆော့ပင်နဲ့ ‘ဟစ်တလာနှုတ်ခမ်းမွေး’ ဆွဲဆွဲအိပ်မှ အိပ်ပျော်တာပါတဲ့ ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
(ဂ)
အဘစိမ်းမောင်၏ မျက်နှာကား ညိုမှောင်နေလေပြီ။ အရွှင်အဘတွေက ဖေကြီးကို ဖြဲစပ်ဖြဲစပ် လုပ်ပြပြီး ‘ဆက်ရန်ရှိသေးသည်’ ဟု အချက်ပေးနေသယောင်ပါပေ။
“တကယ်တော့ ‘လူဝင်စား’ ဆိုတာ ရှိကိုရှိတာပေါ့ စိမ်းမောင်ရာ”
“အေး”
“ဟိုးခေတ်တုန်းက တရားဟောကောင်းတဲ့ လူဝင်စားလေး ရှိခဲ့ဘူးတယ် စိမ်းမောင်”
“ဟုတ်တယ်ကွ လုံးတုံးရ၊ မောင်ထွန်းကြိုင် ဆိုလား ဘာလား၊ ၇ နှစ်သားအရွယ် ကလေးနဲ့ ပရိသတ်ကို တရားဟောနိုင်ခဲ့တာ”
“အေးကွ၊ အဘိုးကြီး အမယ်ကြီးတွေကို တရားတွေဟော တရားတွေ ပြခဲ့တာ၊ နိုင်ငံကျော်ခဲ့တာပေါ့ကွာ”
အခုကျတော့လည်း ငယ်ပေါင်းတွေ အပေးအယူကို ဖြောင့်လို့ပါ ခင်ဗျ။ ဘယ်ရွာမှာ ဘယ်တုန်းက ဘယ်လူဝင်စားကလေးကတော့ ဘယ်သူ့ဆီက အကြွေးဘယ်လောက် ရရအုံးမှာတို့၊ အိမ်ခြံထောင့်က ဘယ်အပင်အောက်မှာ ငါဘာတွေ မြှုပ်ထားခဲ့တာတို့၊ အိမ်ရဲ့ ဘယ်တိုင်ခြေဘေးမှာ တူးကြည့် ဘာတွေရှိတယ်တို့တွေကို ဇာတ်ကြောင်းလှန်ရင်း အပေါက်အလမ်း တည့်နေကြပါသည် ခင်ဗျ။
“မူးသာတို့ လုံးတုံးတို့ ဖေကြီးတို့၊ တကယ်တော့ ‘လူဝင်စား’ ဆိုတာ တကယ်ကို ရှိတယ်မဟုတ်လား”
“လက်ခံပါတယ် စိမ်းမောင်ရဲ့”
“ငါတို့နိုင်ငံမှာ ဟိုဘက်ခေတ်က ‘ဗမာ’ မိဘနှစ်ပါးကနေ ‘အင်္ဂလိပ်ကလေး’ တွေ မွေးတာ မြင်ဖူးတယ်မဟုတ်လား”
“မြင်ဖူးတာပေါ့ စိမ်းမောင်ရ၊ အဖေ အမေက ဗမာတွေ၊ မွေးလာတော့ အသားအရေက ဖြူစပ်စပ်၊ ဆံပင်က နီကြောင်ကြောင်လေးတွေနဲ့လေ”
“အေးကွ၊ အဲဒါ အင်္ဂလိပ်တွေ ဝင်စားတာ”
“ဘယ်ကဘယ်လို အင်္ဂလိပ်က လာပြီးများ ဝင်စားရတာလဲ စိမ်းမောင်ရာ”
ထိုအခါ အဘစိမ်းမောင်က ‘စစ်အတွင်း’ က မြန်မာပြည်အတွင်း တိုက်ပွဲကျကာ ကျန်ရှိခဲ့သော စစ်သားများ ဝင်စားတာဟု ဆိုပါ၏။
“မြန်မာပြည်စစ်ပွဲအတွင်း တိုက်ပွဲကျကျန်ခဲ့တဲ့ စစ်သားတွေဆိုတော့ ‘ကျန်စစ်သား’ တွေ ဝင်စားတဲ့သဘောပေါ့”
“အဲ . . .”
“ငါတို့ ခုနကပြောခဲ့တဲ့ မအလဟာ ‘တရုတ်ပြေးမင်း’ တို့ ‘ဟစ်တလာ’ တို့ ဝင်စားတာ မဟုတ်ဘဲ ‘ကျန်စစ်သား’ ဝင်စားတာ ဖြစ်လိမ့်မဟ လုံးတုံးရ”
“ဘယ်လိုကြောင့်များလဲ မူးသာရယ်”
“မအလရဲ့ လက်ပါးစေ ဖက်ဆစ်တပ်ဟာ လုံးပါးပါးပြီး မကြာမီ အကုန်လုံး ပြုတ်တော့မယ် မဟုတ်လား”
“အေးလေ”
“အားလုံး မုန့်ဟင်းခါးဖြစ်ကုန်ကြပြီဆိုရင် တပ်ပြုတ်ကြီးမအလဟာ ဂူထဲမှာ တကောင်တည်း ကျန်ခဲ့မှာလေကွာ”
“ဒီလိုဆိုတော့”
“သူဟာ ကမ္ဘာ့ခုံရုံးကို အတင်ခံရမယ့် သက်ရှိထင်ရှား ‘ကျန်စစ်သား’ မို့ပါတဲ့ ခင်ဗျား”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား”
ဖေကြီး(လေရှီး)