Home
ဆောင်းပါး
သတ္တိရှင် ကြင်စိုး (သရော်စာ)
DVB
·
November 10, 2024

(က)

တောင်ကျောင်းဆရာတော်ဦးအစိမ်းတနှင့် စိမ်းသရဖူစိမ်းဒါယကာကျော် အဘစိမ်းမောင်တို့မှာ ကြင်စိုး သာ၀ မအလကြီး တရုတ်ကိုသွားတာကို အားရကျေနပ်နေပုံရပါ၏။ သူတို့၏ လေသံများနှင့် မျက်နှာအမူအရာများမှာ ပီတိ‌တွေ ဝေ‌နေပုံပါပေ။

“တပ်ချုပ် တရုတ်သွားပြီး နိုင်ငံတကာက ခေါင်းဆောင်တွေနဲ့ပါ တွေ့ဆုံစကား‌ပြောမှာတဲ့ကွ။”

“ဟေ . . . ဟုတ်လားဟ စိမ်းမောင်ရ။”

“အေးလေကွာ၊ သူ့ကို နိုင်ငံ့ပြင်ပမထွက်ရဲဘူးလို့ ထင်နေကြတဲ့သူတွေကို ‘ငါသွားရဲတယ်ကွ’ လို့ ရင်ကော့ပြတဲ့သဘောပဲ။”

“အဲ . . . တယ်ဟုတ်ပါလား စိမ်းမောင်ရ။”

“သူ နိုင်ငံ့ပြင်ပကိုရောက်ရင် အဖမ်းခံရမယ်တို့၊ အရေးယူခံရမယ်တို့ ဆိုတဲ့ဟာတွေကို လုံးဝမ ‌ကြောက်မလန့်ဘဲ ရဲရဲတင်းတင်း ထွက်ပြလိုက်တာ။”

“သတ္တိကတော့ ဂုဏ်ယူစရာကွာ။”

“ဒါပေါ့ကွ မူးသာရ၊ မြန်မာ့တပ်မတော်ကြီးရဲ့ ‘တပ်ချုပ်ကြီး’ ပဲကွာ။”

“ဘာ . . . ‘မြန်မာ့သတ်မတော်’ ရဲ့ ‘သတ်ချုပ်ကြီး’ ဟုတ်လား။”

“ဟားဟား ဟားဟား ဟားဟား”

အဘစိမ်းမောင်နှင့် အစိမ်းဆရာတော်တို့က ဘုကြည့် ကြည့်ပါ၏။ မအလ တရားအားထုတ်ပြီး  တရုတ်အားထား ဘောမသွားတာကို အားရကျေနပ်‌နေသည့် သူတို့၏ ပီတိကလေး‌တွေ ပျက် စီးသွားသည်ထင့်။ စကားကို ပြန်ဆက်ပြန်ပါလေ၏။

“လူတွေက ‌ပြောခဲ့ကြတယ်၊ တပ်ချုပ်ကြီး နိုင်ငံ့ပြင်ပမသွားရဲဘူးတို့၊ သူ နိုင်ငံခြားရောက်နေတုန်း ဒီမှာကျန်ခဲ့တဲ့ ဗိုလ်ချုပ်တွေက ‘အာဏာထပ်သိမ်း’ ပြီး သူ့ကို နိုင်ငံအတွင်း ပြန်မဝင်နိုင်အောင် လုပ်မှာတို့ ဘာတို့ ခန့်မှန်းခဲ့ကြတယ် မဟုတ်လား။”

“အေးကွ၊ အဲသလို တွေးဆခဲ့ကြတာပေါ့။”

“အခု ဒီမှာကျန်ခဲ့တဲ့ ဗိုလ်ချုပ်ကြီးတွေ အာဏာထပ်သိမ်းလား၊ မသိမ်းဘူးမဟုတ်လား၊ မင်းတို့ အမြင်ပဲလေ။”

“ဒီမှာကျန်ခဲ့တဲ့ ဗိုလ်ချုပ်တွေက ဘယ် အာဏာသိမ်းရဲမှာလဲကွာ၊ သူတို့မယားတွေကို ပြန်ပေးဆွဲ ခံထားရတာကိုးဟ။”

“ဘာ . . . ဘယ်လို၊ ကျန်ခဲ့တဲ့ဗိုလ်ချုပ်ကတော်တွေကို ဘယ်သူက ပြန်ပေးဆွဲသွားတာလဲ။”

“ဟဲဟဲ ဟဲဟဲ . . . ဘယ်သူရှိရမလဲဟ၊ မင်းတို့ အဘ မအလပေါ့ကွ။”

“ဘယ် . . . ဘယ်လို”

“မင်းတို့အဘ မအလက သူတရုတ်သွားတာကို ရိုးရိုးမသွားဘဲ ဗိုလ်ချုပ်တွေရဲ့မယားတွေကို အပါ ခေါ်သွားတယ်လေကွာ။”

“အဲ . . .”

“ငါမရှိတုန်း မင်းတို့ အာဏာသိမ်းမယ်တော့ မကြံကြနဲ့၊ မင်းတို့မယားတွေကို တရုတ်ဇိမ်ခန်းမှာ ရောင်းစားပစ်မယ်” လို့ ပြောပြီး ပြန်ပေးဆွဲသွားတဲ့သဘောပါတဲ့ဗျား။

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ခ)

အစိမ်းဆရာတော်နှင့် အစိမ်းဒကာကျော်တို့၏ မျက်နှာများကား သုန်သုန်မှုန်မှုန်။ ပြန်လည်ချေပရန် စကားလုံးများ ရှာကြံစဉ်းစားနေပုံရပါ၏။ ခဏနေတော့ ဆရာတော်က မိန့်တော်မူပါ၏။

“ဘာပဲဖြစ်ဖြစ် ဒကာတပ်ချုပ်ကြီးရဲ့ သတ္တိက‌တော့ လေးစားစရာ။”

“ဘာဖြစ်လို့လဲ ဘုရာ့။”

“လူတွေ ခန့်မှန်းနေကြသလိုမျိုး အခြားနိုင်ငံမှာ အဖမ်းခံရနိုင်တယ်ဆိုတာ သူ သိသိကြီးနဲ့ မရွံ့ မ‌ကြောက် သွားပြလိုက်တာ အာဂသတ္တိကွ။”

“မှန်ပါ့ . . . ဒါပေမယ်လို့ မအလကြီး မသွားရဲတဲ့ နေရာတွေတော့ တပုံကြီးရှိပါတယ် ဘုရာ့။”

“ဟေ . . . ဘယ်နေရာတွေလဲဟ လုံးတုံးရ။”

“အခုလို သူ့ဩဇာခံ ဖက်ဆစ်တပ်သားတွေ မြေဩဇာဖြစ်ဖြစ်နေတဲ့ ရှေ့တန်းစခန်းတွေရဲ့ အနီးအနား ကျည်မမီတဲ့ နေရာတွေကို‌တောင် တခါမှကို မသွားရဲခဲ့ဘူး ဘုရာ့။”

“အာ့ . . . သူက ‘လူကြီး’ ‌လေကွာ။”

“အမှန်ဆို သူ့မုန့်ဟင်းခါး ဖက်ဆစ်တပ်သားတွေ အားလေးဘာလေးတက်အောင်လို့ သူ သွားသွားကြည့်ရှုပြီး အားပေးရမှာ။”

“ဟာကွာ . . သူက အကြီးဆုံးကွ၊ အဲသလို ပုဂ္ဂိုလ်‌တွေက သွားစရာလား။”

“ဟားဟား ဟားဟား ဟားဟား”

“မင်းတို့က ဘာထရယ်ကြတာလဲ မူးသာ။”

“သဘောကျလို့ပါ ဘုရာ့။”

“ဟေ . . .”

“ယူကရိန်းမှာဆိုရင် နိုင်ငံ့အကြီးဆုံးသမ္မတကိုယ်တိုင် ‌ကျည်ဆန်တွေ အ‌မြောက်ဆန်တွေ ပလူပျံနေတဲ့ ရှေ့တန်းစခန်းတွေအထိသွားပြီး နိုင်ငံတော်ကိုကာကွယ်ပေးနေတဲ့ စစ်သည်တော်တွေကို ဖက်လဲတကင်းကို အား‌ပေးတာဘုရာ့။”

“အဲ . . . ဒီမှာလည်း လိုအပ်ရင်တော့ သူသွားမှာပေါ့ကွာ။”

“လိုအပ်ချိန်ရဲ့ ဟိုဘက်ဘူတာကို လွန်လာတာကြာပြီ ဘုရာ့၊ သူ့ခိုင်းဖတ် မူးယစ်ထုံထိုင်းဆေးဆွဲ ဖက်ဆစ်တပ်ဟာ ပရုပ်လုံးတွေလို လုံးပါးပါးလာလိုက်တာ မကျန်တော့သလောက်ဖြစ်နေပြီလေ။”

“ဟေ . . .”

“ကြင်စိုး သာ၀ မအလသာ ရှေ့တန်းစစ်မြေပြင်ကို အားပေးစကားပြောကြားဖို့ မသွားရဲတာ၊ ပြည်သူ့အစိုးရ NUG ရဲ့ ယာယီသမ္မတကြီးနဲ့ ကာကွယ်ရေးဝန်ကြီးတွေဟာ ပြည်သူ့ကာကွယ်ရေး PDF တပ်တွေနဲ့ တိုင်းရင်းသားတပ်မတော်တွေရဲ့ ရှေ့တန်းတွေအထိ သတ္တိရှိရှိသွားရောက်ပြီး အားပေးစကား ‌ပြောကြားကြတာလေကွာ စိမ်းမောင်ရာ၊ မင်း တွေ့တယ်မဟုတ်လား။”

“အေး . . . တွေ့တော့တွေ့ပါတယ်၊ ဒါပေမယ်လို့ ‘ကျည်ကာအင်္ကျီကြီး’ တွေနဲ့။

“ဟားဟား ဟားဟား ဟားဟား”

“ဘာရယ်စရာပါလို့လဲ ဟကောင်တွေရ။”

“ကျည်ဆန်ထိပ်ဖူးတွေ၊ အမြောက်ဆန်တွေ၊ ပေါင်ငါးရာဗုံးတွေကြားကိုသွားတာ ကျည်ကာနဲ့တော့ သွားမှပေါ့ဟ။”

“အဲ . . .”

“တချို့ ကျက်သရေတုန်းတဲ့ လူကြောက်တွေများ နေပြည်တော်မှာ ဘုရားထီးတင်တာတို့၊ အစိုးရအဖွဲ့ အစည်းအဝေးမှာတို့တောင်မှ ‘ကျည်ကာအင်္ကျီကြီး ဖုဖုဖောင်းဖောင်းနဲ့ မြင်မကောင်းလိုက်တာများ။”

“ဟားဟား ဟားဟား ဟားဟား”

“အဲသည်ကောင် မအလဟာ အိပ်ယာဝင်ရင်တောင်မှ ကျည်ကာအင်္ကျီကြီး ဝတ်အိပ်တာတဲ့ ။”

“အဲဒါတော့ ‘များ’ သွားပြီ၊ အိပ်တဲ့အချိန်ပဲ ကျည်ကာဝတ်အိပ်စရာလား မူးသာရ။”

“ဝတ်အိပ်တယ်တဲ့ကွ၊ မတော်လို့ ညဘက်အချိန်မတော်ကြီး သူ့အိမ်ကို ‘ဝင်စီး’ ခံရပြီဆိုရင် အဆင်သင့်ဖြစ်နေအောင်လို့ပါတဲ့ဗျား။”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

(ဂ)

အရွှင်အဘစောမူးသာနှင့် အရွှင်အဘလုံးတုံးတို့က အဓိပ္ပါယ်ပါပါမျက်လုံးများဖြင့် ကျွန်ုပ်ဖေကြီးအား လှမ်းကြည့်ကာ ပြုံးစိစိလုပ်ပြကြပါ၏။

သူတို့၏အပြုံးများကို ကျွုန်ုပ်ဦးနှောက်၏ ဘာသာပြန်စက်က အဖြေထုတ်ပေးသည်မှာ ‘တရုတ်ကိစ္စ’ ကို ဆက် ‘သော’ မည်ပါတဲ့။

‘ငါတို့က နောက်တာပါ စိမ်းမောင်ရာ၊ မင်းတို့ မအလ တရားအားထုတ်ဖို့သွားတာ တကယ်တော့ ဂုဏ်ယူစရာပါ။”

“ဒါပေါ့ကွ၊ ကိုယ့်နိုင်ငံ ငြိမ်းချမ်းဖို့အတွက်၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့အတွက် တပ်ချုပ်ကြီးက တရုတ်‌ခေါင်း‌ဆောင်‌တွေနဲ့ သွားတိုင်ပင်တာပေါ့ကွာ။”

“အေးကွ စိမ်းမောင်ရ၊ ‘တိုင်ပင်’ တာတော့ မဟုတ်ဘူး၊ ငိုကြီးချက်မနဲ့သွား ‘တိုင်’ တာကွ။"

“ဟေ . . . ဘယ်လို”

“မြောက်ပိုင်းသုံးဖွဲ့ဖြစ်တဲ့ MNDAA၊ AA နဲ့ TNLA တို့က တရုတ်ကြားဝင်စေ့စပ်ထားပေးထားတဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ဖောက်ဖျက်ပြီး သူ့ဖက်ဆစ်တပ်ကို တိုက်ခိုက်‌နေပါတယ်လို့ မအလက တရုတ်ဝန်ကြီးချုပ် လီကျန်းကို သွားတိုင်တာကွ။”

“ဟမ် . . .”

“သားသားကို အနိုင်ကျင့်နေလို့ ကြည့်‌ပြောပေးပါအုံး အစ်ကိုကြီး ဆိုတဲ့ အချိုး‌ပေါ့ကွ။”

“ဟေ”

“မအလရဲ့သတ္တိကတော့ ရဲရဲတောက်ပါလား။”

“ဟားဟား ဟားဟား ဟားဟား”

သို့ဖြင့် တရားအားထုတ်နေသော မအလ၏ သတင်းအချက်အလက်များကား ဟားစရာအတိ ဖြစ်နေပါလေရာ စိမ်းသရဖူစိမ်း ဆရာ ဒကာတို့မှာ ရှုတည်တည်ကြီးတွေ ဖြစ်နေပါ‌လေတော့၏။ အဘလုံးတုံးက ဆက်ပါ၏‌ေ

“ငါတို့က နောက်တာပါကွာ၊ တကယ်တော့ စိမ်းမောင်တို့အဘ မအလမှာ ‘သတ္တိ’ တကယ်ရှိတယ်ကွ မူးသာရ။”

“ဟေ . . . အဟုတ်လား လုံးတုံးရ”

“အဟုတ်ကွ၊ ငါ တပ်ထဲမှာရှိတုန်း၊ သူလည်း ရာထူးငယ်တုန်း ဆုံဖူးခဲ့လို့ သူ့သတ္တိကို အမှတ်မထင် ‌တွေ့မြင်ခဲ့ရတာ။”

“ရှေ့တန်းစစ်‌မြေပြင်မှာလား။”

“ဟုတ်ဘူးကွ၊ သူ့လက်ဖျံမှာ၊ သူငယ်ငယ်တုန်းက ဘုရားပွဲမှာထိုးခဲ့တဲ့ ‘သတ္တိ’ ဆိုတဲ့ တက်တူးကို မြင်ခဲ့ရတာဗျား။”

“ဟားဟား ဟားဟား ဟားဟား”

စကားဝိုင်းကား တဟားဟား။ အဘစောမူးသာက မအလကြီး ခရီးသွားတဲ့မနက်က သူ့လေယာဉ်တက်ပြီး မကြာခင် လေယာဉ်‌ပြေးလမ်းမှာ ဗုံးထပေါက်တဲ့အ‌ကြောင်း၊ ဒီလိုနေရာမှာ အပြင်လူ ဝင်ထောင်နိုင်စရာ မမြင်‌ကြောင်း၊ အချင်းချင်းထောင်တဲ့ဗုံးပဲ ဖြစ်လိမ့်မယ်လို့ယူဆကြောင်း ဆက်ပါ၏။

“အေးကွ၊ အဲ့ဒါပဲ . . . အပြန်ကျရင်တော့ အချိန်အတိအကျ တွယ်ကြမယ့်သဘောပဲ။”

“သူတို့မယားတွေပါ ပါတယ်ဆိုတော့ လုပ်ကြပါ့မလား။”

“လေယာဉ်ဆင်းပြီး သူ သီးသန့်စီးမယ့် ကားပေါ်ကျမှ ကစ်ကြမယ်နဲ့တူတယ်ကွ။”

“ငါတို့‌ပြောတာတွေ ကြားသွားရင်တော့ မအလကြီး လေယာဉ်မဆိုက်ခင် သူ့အိမ်ပေါ်ကို ‌လေထီးနဲ့ခုန်ဆင်းပြီး သူ့သတ္တိကိုပြနေပါဦးမယ် ဗျား။”

“ဝါး . . . ဟားဟား ဟားဟား ဟားဟား”

ဖေကြီး(လေရှီး)

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024