Home
ဆောင်းပါး
ရှီကျင့်ဖျင်တို့ ကျားသေကို အသက်သွင်းလည်း ဖုတ်သာဝင်မယ် အသက်ပြန်မဝင်နိုင်ဘူး
DVB
·
November 9, 2024

ကြောင် ကြာကြာရေမငုပ်ဘူး ဆိုတဲ့ စကားလိုပါပဲ၊ ‘မြန်မာပြည်သူတရပ်လုံးကို မျက်နှာမူတယ်’ ဆိုတဲ့ မူဝါဒကို ဟန်ပြကိုင်စွဲထားတဲ့ တရုတ်ကွန်မြူနစ်အာဏာရှင်တအုပ်ဟာ အခုတော့ မျက်နှာဖုံး ကွာကျသွားပါပြီ။ စစ်ရှုံးဘဝတုံးပြီး နိဂုံးပိုင်းဝင်လာတဲ့ မြန်မာ့တပ်မတော်အတုကြီးဟာ တိုင်းပြည်ကို တည်ထောင်ခဲ့တဲ့ အဖွဲ့အစည်းလည်းဖြစ်၊ မြန်မာနိုင်ငံ အခင်းအကျင်း တည်ဆောက်ပုံထဲမှာ အရေးအကြီးဆုံး အင်အားစုလည်း ဖြစ်တယ်လို့ တရုတ်အာဏာရှင်တွေက ပြောလာတဲ့စကားဟာ အကြီးအကျယ် အဓိပ္ပာယ်လွဲမှားတဲ့အပြင် နိုင်ငံတကာအသိုက်အဝန်းရှေ့မှောက် မဟုတ်မှန်တဲ့စကားကို အရှက်မဲ့ သိက္ခာမဲ့စွာ ပြောလိုက်တာပဲ ဖြစ်ပါတယ်။

တကယ်တော့ နိုင်ငံ့လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်‌အောင်ဆန်း စတည်ထောင်စဉ်က တပ်မတော်ဟာ တန်ဖိုးကြီးမား အရေးပါခဲ့ပေမဲ့ အခုချိန်မှာ ဦးဆောင်နေတဲ့ သူခိုး ဓားပြ စစ်ခေါင်းဆောင်တွေ လက်အောက်မှာ တန်ဖိုးမဲ့သွားတဲ့ အကြမ်းဖက်လူသတ် စစ်ဓားပြတပ် မရှိတော့မှသာ နိုင်ငံနဲ့ ပြည်သူပြည်သားတွေဘဝ ငြိမ်းချမ်းသာယာ ဖွံ့ဖြိုးချမ်းသာနိုင်မယ်ဆိုတာ အများစုသော လူထုကြီးက ဘဝပေးအသိနဲ့ လက်ခံထားပြီးခဲ့တာ ၄ နှစ်နီးပါး ရှိခဲ့ပါပြီ။

၁) စစ်မိစ္ဆာ ကျားသေကို အသက်သွင်းသူ ရှီကျင့်ဖျင်

အခုချိန်မှာဆိုရင် မကောင်းဆိုးဝါးဝင်ရိုးစွန်းအုပ်စု ကမ္ဘာ့အာဏာရှင်နိုင်ငံတွေဟာ မသူတော်ချင်း သတင်းလွေ့ ဆိုသလို မျိုးတူ ဓာတ်တူ ဂိုဏ်းတူချင်း မသိမသာ လက်ချိတ်ထားရာကနေ ပေါ်တင် ရိုင်းပင်းကူညီလာကြပြီ ဖြစ်ပါတယ်။ ရုရှား၊ တရုတ်၊ မြောက်ကိုရီးယား စတဲ့ အနောက်နိုင်ငံတွေနဲ့ အမေရိကန်ကို ကြောက်တဲ့ရောဂါ ပြင်းထန်လာတဲ့ အာဏာရှင်နိုင်ငံတွေဟာ ပိုမိုနီးကပ်တဲ့ မဟာမိတ်ပုံဖော်လာသလို အသက်ငင်နေတဲ့ မြန်မာစစ်အာဏာရှင် ဓားပြဂိုဏ်းကိုပါ အသက်ဆက်ရှင်လိုရှင်ငြား လက်ပူတိုက် ကူညီဖို့ ကြိုးစားလာချိန် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လအတွင်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိရဲ့ နေပြည်တော်ခရီးစဉ်မှာ ပြည်သူတွေ အသိအမှတ်မပြု၊ လက်မခံတဲ့ စစ်ဓားပြဂိုဏ်းရဲ့ ရွေးကောက်ပွဲနဲ့ ၂၀၀၈ စစ်ကျွန် ဖွဲ့စည်းပုံအခြေခံဥပဒေကို ထောက်ခံတယ်လို့ ပြောခဲ့တာဟာ ရှီကျင့်ဖျင်ရဲ့ စစ်မိစ္ဆာကျားသေကို အသက်သွင်းဖို့ စတင်ခြေလှမ်းလာခဲ့တာပဲ ဖြစ်ပါတယ်။

ဒီမိုကရေစီစနစ်ရဲ့ ရန်သူတော်လည်းဖြစ် သဘောထားတင်းမာပြီး ရှေးရိုးစွဲကွန်မြူနစ်ဝါဒ အစွန်းရောက်ဂိုဏ်းလည်းဖြစ်တဲ့ လက်ရှိ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ ပေါလစ်ဗျူရိုအဖွဲ့ရဲ့ သဘောထားဖြစ်ဟန်တူတဲ့ NLD က ဒေါ်အောင်ဆန်းစုကြည်ပဲ ဖြစ်ဖြစ်၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပဲဖြစ်ဖြစ် မြန်မာနိုင်ငံရေးအခင်းအကျင်းမှာ စစ်ရာဇဝတ်မှု ကျူးလွန်နေတဲ့ တပ်မတော်ရဲ့ နေရာကို ဘယ်လိုမှ အစားမထိုးနိုင်ဘူးလို့ ပြောဆိုလာတာဟာ သူတို့ရဲ့ ပင်ကိုရုပ် အာဏာရှင်ဗီီဇယုတ်ကို ထုတ်ဖော်ပြသလိုက်တာပဲ ဖြစ်ပါတယ်။

၂)  ရှီကျင့်ဖျင်နဲ့ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရှေးရိုးစွဲခေါင်းမာဂိုဏ်းသားများ

တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့ ခေါင်းမာဂိုဏ်းသားတွေဟာ မာ့ခ်စ်-လီနင်ဝါဒကို လှေနံဓားထစ် အစွဲပြုပြီး ပါတီရဲ့အာဏာကို အပြည့်အဝ ထိန်းသိမ်းထားဖို့ လိုအပ်တယ်လို့ ယုံကြည်ကြသူတွေ ဖြစ်ကြပါတယ်။ သူတို့ဟာ တရုတ်ပြည်သူတွေကို ဗဟိုမပြုဘဲ နိုင်ငံတော်ရဲ့ အင်အားတိုးတက်မှု၊ နိုင်ငံတော်တည်ငြိမ်ရေးနဲ့ တရုတ်လူမျိုးရေး ဆန့်ကျင်မှုတွေကို အကြီးမားဆုံး ခြိမ်းခြောက်မှုအဖြစ် တွက်ချက်ယူဆပြီး ကွန်မြူနစ်ပါတီပေါ်လစ်ဗျုရိုရဲ့ အကြွင်းမဲ့အာဏာကျင့်သုံးဖို့နဲ့ အုပ်ချုပ်ဖို့ လိုအပ်တယ်ဆိုတာကို ပိုမိုဦးစားပေး ပြောဆိုယုံကြည်ကြသူ‌တွေ ဖြစ်ပါတယ်။

အဲဒီအုပ်စုဟာ အနောက်နိုင်ငံတွေရဲ့ ဝင်ရောက်မှု၊ စိုးမိုးခြယ်လှယ်မှုတွေနဲ့ အနောက်နိုင်ငံတွေနဲ့ နီးစပ်သူ၊ အဖွဲ့အစည်းတွေကို တူးတူးခါးခါး သဘောမကျသူတွေ ဖြစ်ကြပြီး ဒါတွေဟာ တရုတ်နိုင်ငံရဲ့ နိုင်ငံရေးနဲ့ လူမှုရေး တည်ငြိမ်မှုတွေအတွက် အန္တရာယ်ဖြစ်စေ‌တယ်လို့ ယူဆကြသူတွေ ဖြစ်ပါတယ်။။ ဒါကြောင့် ခေါင်းမာဂိုဏ်းသားတွေဟာ ပြုပြင်ပြောင်းလဲရေးသမားတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ အထွေထွေလွတ်လပ်ခွင့်‌တွေကို လိုလားတောင်းဆိုကြတဲ့ ဖွဲ့အစည်းမှန်သမျှကို နှိပ်ကွပ်ဖယ်ရှားဖို့ အမြဲတမ်း ကြိုးစားကြပါတယ်။

တရုတ်အာဏာရှင် ရှီကျင့်ဖျင် (Xi Jinping) ရဲ့ အာဏာဆုပ်ကိုင်မှုအောက်မှာ၊ နိုင်ငံရေးပြိုင်ဘက်‌တွေကို ရက်ရက်စက်စက် နှိပ်ကွပ်တာ၊ စီးပွားရေးရင်းနှီးမြှုပ်နှံမှုတွေကို ကန့်သတ်တာ လူမှုရေးလွတ်လပ်ခွင့်၊ သတင်းမီဒီယာလွတ်လပ်ခွင့်တွေကို ထိန်းချုပ်တာ၊ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေကို ဖိနှိပ်တာ စတဲ့ သံမဏိစည်းမျဉ်းမူဝါဒတွေနဲ့ ကွန်မြူနစ်ပါတီရဲ့ အာဏာကို ထာဝစဥ်ထိန်းသိမ်းထားနိုင်ဖို့၊ ပိုမိုတင်းကျပ်တဲ့ နည်းလမ်း‌တွေကို အသုံးပြုလာခဲ့ကြပါတယ်။

ဒါကြောင့် အခုအချိန် တရုတ်နိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးနဲ့ နိုင်ငံတော်ပိုင်နက်တွေကို တင်းမာစွာ ထိန်းချုပ်နိုင်ဖို့ စည်းကမ်းတွေကို ပြင်းပြင်းထန်ထန် ဖိအားပေးတတ်တဲ့ ခေါင်းမာဂိုဏ်းသားတွေရဲ့ လက်ချက်နဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်တွေမှာ လူအခွင့်အရေးချိုးဖောက်မှုတွေ၊ သဘောထားတင်းမာ ရန်လိုမှုတွေကို တွေ့မြင်ကြရတာ ဖြစ်ပါတယ်။

တရုတ်ကွန်မြူနစ်ပါတီသမိုင်းကို လေ့လာကြည့်မယ်ဆိုရင် တိုးတက်တဲ့အမြင်ရှိပြီး ပြုပြင်‌ပြောင်းလဲရေးကို လိုလားတဲ့ တရုတ်ခေါင်းဆောင် ဟူယောက်ပန်းတို့ ကျောက်ကျိယန် (Zho Ziyang) တို့ကို ၁၉၈၇ ခုနှစ်နဲ့ ၁၉၈၉ ခုနှစ် နှိပ်ကွပ်ခဲ့ကြတာ အဲဒီသဘောထားတင်းမာတဲ့ ရှေးရိုးစွဲခေါင်းမာဂိုဏ်းသားအုပ်စု ဖြစ်တာကို တွေ့ရမှာ ဖြစ်ပါတယ်။

၁၉၈၀ ပြည့်လွန်နှစ်တွေမှာ တိုးတက်တဲ့အမြင်ရှိတဲ့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေ အတွင်းရေးမှူး ဟူယောက်ပန်း (Hu Yaobang) ဟာ လွတ်လပ်စွာဟောပြောခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့်‌တွေကို အတိုင်းအတာတခု အထိအားပေးခွင့်ပြုခဲ့ပါတယ်။ တရုတ်ကျောင်းသားလူငယ်‌တွေ၊ ပညာတတ် လူလတ်တန်းစားတွေနဲ့ ကွန်မြူနစ်ပါတီအတွင်း ပြုပြင်ပြောင်းလဲမှုကို လိုလားသူတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့ပါတယ်။ ဒီလိုပြုပြင်ပြောင်းလဲမှုကို လိုလားသူတယောက်ဖြစ်တာမို့ ပါတီအတွင်း သဘောထားတင်းမာတဲ့ ရှေးရိုးစွဲ အစွန်းရောက် ပါတီခေါင်းဆောင်‌တွေကြား သဘောထားတင်းမာမှု‌တွေ၊ ပဋိပက္ခတွေ ကြီးထွားလာခဲ့ကြရာက ၁၉၈၇ ခုနှစ်မှာတော့ ခေါင်းမာဂိုဏ်းသားတွေ အားကောင်းပြီး ပြုပြင်ရေးသမား ဟူဟာ ပါတီကနေ အတင်းအကျပ် အနားယူခိုင်းခြင်း ခံခဲ့ရပါတယ်။

၃) တီရန်မင်အရေးအခင်း (၁၉၈၉) - ထျန်းအန်းမင်ရင်ပြင် လူသတ်ပွဲ (Tiananmen Square massacre)

မြန်မာနိုင်ငံမှာ ဖိနှိပ်ဗိုလ်ကျမှုကို လက်မခံတဲ့ ပြည်သူတရပ်လုံးရဲ့ ရှစ်လေးလုံး လူထုအ‌ရေးတော်ပုံကြီး ဖြစ်ပွားပြီး တနှစ်အကြာ ၁၉၈၉ ခုနှစ်မှာတော့ အထွေထွေ အတွင်းရေးမှူးဟောင်း ဟူယောက်ပန်း နှလုံးရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ မြို့တော် ပေကျင်းမြို့လယ်မှာရှိတဲ့ အင်္ဂလိပ်လို Tian'anmen - T’ien-an Men)၊ တရုတ်လို ကောင်းကင်ဘုံ ဂိတ်တံခါးလို့ အဓိပ္ပာယ်ရှိတဲ့ တီရန်မင်ရင်ပြင်မှာ ပြုလုပ်ခဲ့တဲ့ ဟူယောက်ပန်းရဲ့ ဈာပနအခမ်းအနားကို တရုတ်လူငယ်တွေ၊ ကျောင်းသူကျောင်းသားတွေ၊ ပညာတတ် လူလတ်တန်းစားတွေနဲ့ ပြုပြင်ပြောင်းလဲမှု လိုလားသူတွေက ကွန်မြူနစ်ပါတီကို မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှု‌တွေကို ပြုလုပ်လာခဲ့ကြတာမို့ တခြားမြို့တွေကိုပါ ကူးစက်သွားခဲ့ပါတယ်။

တီရန်မင် စကွဲယား ဆန္ဒပြပွဲမှာ ပီကင်းတက္ကသိုလ် ကျောင်းဆရာမ တယောက်က အခုလို ဟောပြောခဲ့ပါတယ်။ “We want the world to know that we are prisoners in our own country.” “ငါတို့ ကမ္ဘာကြီးကို သိစေချင်တယ်။ ငါတို့ဟာ ငါတို့ တိုင်းပြည်မှာ အကျဉ်းသားများ ဖြစ်နေကြပါပြီ” ဆိုတဲ့ – သူမရဲ့ ဟောပြောရင်ဖွင့်မှုဟာ တရုတ်မျိုးဆက်သစ်လူငယ်တွေ၊ ဒီမိုကရေစီ လိုလားသူတွေ၊ ပြုပြင်ပြောင်းလဲမှုကို လိုလားကြသူတွေကို တရုတ်ကွန်မြူနစ်ပါတီအတွင်းက  သဘောထားတင်းမာသူ ရှေးရိုးစွဲခေါင်းမာဂိုဏ်းသားတွေကို ဆန့်ကျင်ကြဖို့ တပ်လှန့် နှိုးဆော်ခဲ့ပါတယ်။

မြန်မာပြည်သူတွေလိုပဲ ‌ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်ကို ဆာလောင်နေကြတဲ့ တရုတ်ပြည်သူလူထုရဲ့ ရက်သတ္တပတ် ၇ ပတ် ကြာမြင့်ခဲ့တဲ့ ဆန္ဒပြလှုပ်ရှားမှုကြီးဟာ ဧပြီလ ၁၅ ရက်နေ့က စတင်ခဲ့ပြီး ဇွန်လ ၄ ရက်နေ့မှာတော့ ကွန်မြူနစ်ခေါင်းမာဂိုဏ်းရဲ့အမိန့်နဲ့ တရုတ်တပ်နီတော်က ဆန္ဒပြလှုပ်ရှားမှုကို ချေမှုန်းခဲ့တာမို့ တီရန်မင်အရေးအခင်း (၁၉၈၉) ဟာ ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးလိုပဲ အာဏာရှင်တွေ လက်ချက်နဲ့ အသေအပျောက်များစွာနဲ့ အဆုံးသတ်ခဲ့ရပါတယ်။

တရုတ်ကွန်မြုူနစ် အာဏာပိုင်တွေရဲ့ တရားဝင်ထုတ်ပြန်ချက်အရ စစ်သား‌တွေ အပါအဝင် လူပေါင်း ၂၄၁ ဦး သေဆုံး၊ ၇၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဆိုခဲ့တယ်လို့ ထိမ်ချန်ထုတ်ပြန်ခဲ့ပေမဲ့ တရုတ်ကြက်ခြေနီအသင်းနဲ့ ကျောင်းသားအဖွဲ့အစည်းတွေက တရုတ်ပြည်သူပေါင်း ၂၀၀၀ မှ ၃၀၀၀ အထိ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ရှီကျင့်ဖျင် (Xi Jinping) ဟာ တရုတ်ကွန်မြူနစ်ပါတီ (CCP) ရဲ့လက်ရှိဥက္ကဋ္ဌ ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတနဲ့ တပ်နီတော်ကာကွယ်ရေးအကြီးအကဲ တာဝန်‌တွေကိုပါ ထိန်းချုပ်ထားပါတယ်။ သူဟာ ၂၀၁၂ ခုနှစ်ကနေ ဒီကနေ့အချိန်ထိ အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ခဲ့ပြီး မော်စီတုန်းထက် ပိုမိုဩဇာအာဏာကြီးတဲ့ Supreme Leader အထွတ်အထိပ် ခေါင်းဆောင်ရူး ရူးနေသူ ဖြစ်တယ်။ သူ့ကို ဝန်းရံကြတဲ့ သဘောထားတင်းမာတဲ့ ရှေးရိုးစွဲ တရုတ်ခေါင်းမာဂိုဏ်းဝင်တွေကတော့ လီချန် (Li Qiang)၊ ဇောင်ယိုးဆီ (Zhao Leji)၊ ဝမ်ဟူနင် (Wang Huning)၊ ကိုးချောင်း (Cai Qi) တို့ ဖြစ်ကြပါတယ်။

တကယ်တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဲ့ ရန်သူတော် တရုတ်ကွန်မြူနစ်အာဏာရှင် ရှီကျင့်ဖျင်နဲ့ မြန်မာစစ်ဓားပြအာဏာရှင်တို့ဟာ အထွတ်အထိပ်ခေါင်းဆောင်ရူးနဲ့ သမ္မတရူးမို့ ‘အရူး အရူးချင်း’ ‘မသူတော်ချင်း သတင်းလွေ့လွေ့’ပြီး သူတို့အာဏာပလ္လင် တည်မြဲရေးအတွက် တယောက်နဲ့တယောက် ကျောချင်းကပ်ကြတာပါပဲ။

ဒါပေမဲ့လည်း ရှီကျင့်ဖျင် မကလို့ အသူရာငရဲမင်းလည်း ပြည်သူလူထုအများစုက စွန့်ပစ်လိုက်တာမို့ အနာဂတ်မဲ့သွားတဲ့ မြန်မာစစ်ဓားပြဂိုဏ်းကို မကယ်နိုင်တော့ပါဘူး။ အာဏာရှင်အချင်းချင်း မိုက်ဖော်မိုက်ဖက် မကောင်းဆိုးဝါးအချင်းချင်း ရိုင်းပင်း‌ပေမဲ့ နိုင်ငံတဝန်းလုံးမှာ အရပ်ဆယ်မျက်နှာကနေ နောက်ပြန်မလှည့်ဖို့ စိတ်တုံးတုံးချပြီးသား တိုင်းရင်းသား ပြည်သူလူထုတရပ်လုံးက အပြင်းထန်ဆုံး ကျိန်စာတိုက် ချေမှုန်းနေတာမို့ သေတွင်းထဲကျသလို ပုပ်ပွစော်နံနေတဲ့ စစ်မိစ္ဆာကျားသေကို ဘယ်လိုပင် အသက်သွင်းသွင်း ကယောင်ကတမ်းဖြစ်ပြီး သေအံ့မူးမူး ဖုတ်ဝင်ကျားဆိုးဟာ ကြာကြာခံနိုင်စရာ အကြောင်းလုံးလုံးမရှိပါကြောင်း။

မင်းကောင်းချစ်

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024