Home
ဆောင်းပါး
မင်းအောင်လှိုင်၏ ဂန္ဓာလရာဇ် ပြည်သွား တောလား
DVB
·
November 8, 2024
Design_DVB

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီး ၃ နှစ်ခွဲကျော်အကြာတွင်   ဒေသတွင်း အစည်းအဝေးတခုသို့ တက်ရောက်ရန် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်မြို့‌တော် ကူမင်းသို့ သွား‌ရောက်နေသည်။

ကမ္ဘောဒီယား၊ လာအို၊ ထိုင်းနဲ့ ဗီယက်နမ်တို့ တက်ရောက်တဲ့ ဒေသဆိုင်ရာ ထိပ်သီးဆွေးနွေးပွဲကို ဦးဆောင်သည့် တရုတ် ဝန်ကြီးချုပ် လီချန်းနှင့် တွေ့ဆုံခွင့်ရခဲ့သည်။ ဤသည်ကို ကြည့်မည်ဆိုက နိုင်ငံတော်အဆင့် အလည်အပတ် ခရီးစဉ်မျိုး မဟုတ်ဘဲ ဗလာဒီဗော့စတော့တွင် ပူတင်နှင့် တွေ့ဆုံခဲ့ရသည့် အဆင့်ထက် ပိုမည် မဟုတ်ပေ။

တရုတ်သမ္မတ ရှီကျင့်ပင်နှင့် တွေ့ခွင့်ရမည် ဆိုလျှင် မင်းအောင်လှိုင်အတွက် လက်ခမောင်းခတ်လောက်သည့် ဆုကြီးလာဘ်ကြီး ချီးမြှင့်ခံရသလို ဖြစ်သွားပေလိမ့်မည်။

မန္တလေးရှိ တရုတ် ကောင်စစ်ဝန်ရုံး ဗုံးခွဲခံခဲ့ရမှု၊ တော်လှန်ရေးတပ်ဖွဲ့များ ဆက်တိုက် အနိုင်ရရှိလာမှုများ‌၊ ယခင် အာဏာရှင်ဟောင်း၏ သမက်ဖြစ်သူအား ဖမ်းဆီးသည်အထိ ဖြစ်လာမှုများကြောင့် ၎င်း၏ ဦးဆောင်မှုအပေါ် တရုတ်မှ အယုံအကြည် ကင်းမဲ့လာနေချိန်လည်း ဖြစ်သည်။

၎င်း၏ခရီးစဉ်အတွင်း တရုတ်၏ ထောက်ခံမှု ပိုရလာမည်လော သို့မဟုတ် ပို၍ ဖိအားပေးခံရမည်လော ဆိုသည်က မသဲကွဲလှသော်လည်း မည်သို့ပင် ဖြစ်လာစေကာမူ မြန်မာ ပြည်သူများအတွက် အဆိုးများသာ ဖြစ်လာဖို့ ရှိသည်ဟု မြန်မာအရေး လေ့လာနေသူ ဒေးဗစ် မက်သီဆန်က ရိုက်တာ သတင်းဌာနသို့ ပြောပြခဲ့သည်။

နိုင်ငံပျက်စီးယိုယွင်းလာနေပြီး တရုတ်၏ စောင့်ရှောက်ခံဘဝ ရောက်သွားမည့် အဖြစ်ကို မလိုလားသော စစ်အုပ်စုက အာဏာသိမ်းလာနိုင်သည့် အရေးကို အထိတ်တလန့် ဖြစ်လာသော ဘေဂျင်းသည် အခြားရွေးစရာလမ်း မရှိတော့ဘဲ ဝမ်ယိကိုယ်တိုင် နေပြည်‌တော်သို့ အရောက်လာပြီး မင်းအောင်လှိုင်အား ထောက်ခံကြောင်း လူသိရှင်ကြား ပြသလာရခြင်းလည်း ဖြစ်ပေသည်။

တရုတ်၏ လုပ်ရပ်များသည် ၎င်းတို့၏ ဒီမိုကရေစီအရေး ရုန်းကန်တိုက်ပွဲဝင်နေမှုအပေါ် အတားအဆီး ဖြစ်လာမှုအဖြစ် မြန်မာပြည်သူများက ခံယူလာမှုနှင့်အတူ မုန်းတီးရွံရှာလာနေကြပြီ ဖြစ်သည်။

ဤသည်က မင်းအောင်လှိုင်အား လူသိရှင်ကြား ထောက်ခံမှု ပေးခဲ့ရခြင်းကြောင့် တရုတ်ဘက်မှ တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရခြင်းလည်း ဖြစ်ပေသည်။

မင်းအောင်လှိုင်အား တပတ်ကြာ လာရောက်ခွင့်ပြုခဲ့ရသည့်အတွက် တရုတ်မှ ထိုက်ထိုက်တန်တန် ပြန်ယူနိုင်ဖို့ ဆုံးဖြတ်ထားဟန် ရှိနေသည်ကို မြန်မာပြည်မှ ခရိုနီများအား ခရီးစဉ်မတိုင်မီ တရုတ်သို့ ဖိတ်ခေါ်ထားမှုက သက်သေခံနေပေသည်။ ထို့ပြင် သက်ကျားအို ထောက်လှမ်းရေး အရာရှိဟောင်းများလည်း ရောက်ရှိနေသည်။

စစ်ကောင်စီ၏ ကြေညာချက်ထဲတွင် "နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကဏ္ဍပေါင်းစုံ ဖွံဖြိုးတိုးတက်အောင် အခိုင်အမာ ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးသွားမည်"ဟု ပါရှိခဲ့ပြီး ဖြစ်သည်။

စစ်ကောင်စီအား တိုက်ခိုက်နေမှုများ ရပ်စဲရန် ကချင်လွတ်လပ်ရေးတပ်တော်ကို တရုတ်က ဖိအားပေးနေသော်လည်း စနေနေ့မှာပင် နယ်စပ်မြို့တမြို့ ဖြစ်သော ဖီမော်မြို့ကို ထပ်မံ သိမ်းယူလိုက်ကြသည်၊ မိမိတို့သည် စစ်အုပ်ချုပ်ရေး အဆုံးမသတ်မချင်း ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း တရုတ်တို့အား ပြတ်သားစွာ အသိပေးခဲ့သည်။

တရုတ်သည် ၎င်းတို့ အကျိုးစီးပွားများနှင့် ဆက်စပ်နေသည့် နယ်စပ်ဒေသများတွင်သာ အပစ်အခတ် ရပ်စဲလိုပြီး ကျန်ဒေသများတွင် စစ်ကို အနိုင်တိုက်ရန် မင်းအောင်လှိုင်အား မြှောက်ပင့်ပေးလျက် ရှိသည်။ မင်းအောင်လှိုင်တပ်များ၏ အကြမ်းဖက် လုပ်ရပ်များကို ယခုထိ တခွန်းတပါဒမျှ ပင် ဟန့်တား ပြောဆိုခဲ့ခြင်းမျိုး မရှိသည်ကို တွေ့ရသည်။

မင်းအောင်လှိုင်၏ ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ရွေးကောက်ပွဲမှ မည်သူ အနိုင်ရမည် ဆိုသည်ကို သိရှိလာတော့မည် ဖြစ်၍ အဆိုပါ ရလဒ်ကို မူတည်ပြီး မူဝါဒပိုင်း ထိန်းညှိမှုများ ပြုလုပ်လာနိုင်ဖွယ် ရှိသည်။

ယခုအခါ ဘေဂျင်းသည် မြန်မာ ပြည်တွင်းစစ်ကြောင့် သတ္တုတူးဖော်ရေး လုံးဝနီးပါး ရပ်ဆိုင်းသွားမှုနှင့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ မရေရာ မသေချာမှုများကြောင့် ရှားပါးမြေသားသတ္တုများ ဈေးနှုန်းကို မြှင့်တင်လိုက်သည့်အပြင် ပို့ကုန် စည်းကမ်းများ ကန့်သတ်လာခဲ့ ပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် နိုဝင်ဘာ ၅ ရက်နေ့တွင် တရုတ်ပြည်သို့ ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ပထမဦးဆုံးအကြိမ်အဖြစ် ခြေချခွင့် သွားခဲ့ပြီ ဖြစ်သည်ဟု စထရိတ်တိုင်းမ် သတင်းစာက ရေးသားခဲ့သည်။

ကူမင်းတွင် ကျင်းပမည့် မဲခေါင်မြစ်ဝှမ်း ထိပ်သီးဆွေးနွေးပွဲသို့ မြန်မာ ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင် ရောက်ရှိလာခြင်းဖြစ်သည်၊ တရုတ်အစိုးရ ဧည့်သည်တော်အဖြစ် ဖိတ်ကြားခဲ့ခြင်းမျိုး မဟုတ်သော်လည်း တရုတ်ဘက်မှ သွယ်ဝိုက် အသိအမှတ်ပြုလာသည်က ထင်ရှားသည်။

မင်းအောင်လှိုင်အား ထိုသို့ သွားရောက်ခွင့်ရရန် အာဏာသိမ်းပြီးချိန်မှစ၍ စစ်ကောင်စီသည် တရုတ်အား တောက်လျှောက် လော်ဘီ လုပ်နေခဲ့သည်။ ယခု အောင်မြင်သွားပြီဖြစ်၍ ၎င်းတို့ မီဒီယာများမှ ပတ်မကြီး ထုကာ ဘာလုပ်မည် ညာလုပ်မည် ဆိုကာ ‌ကြွေးကြော်နေကြပြီ ဖြစ်သည်။

မင်းအောင်လှိုင်သည် ၎င်းတို့ အာဏာတည်မြဲနိုင်ရေးအတွက် တရုတ်ထံမှ စစ်ရေး၊ သံတမန်ရေး၊ စီးပွားရေး အစရှိသည့် ဘက်ပေါင်းစုံမှ မှီခိုနေရသည့် အဖြစ်သည် မည်သို့မျှ ဟန်ဆောင်ဖုံးကွယ်၍ မရအောင် ထင်ရှားလာနေပြီ ဖြစ်သည်။ ဤသည်ကပင် ၎င်း၏ခရီးစဉ်က တန်ဖိုးကြီးကြီး ပေးဆပ်လိုက်ရခြင်းလည်း ဖြစ်သည်။

မင်းအောင်လှိုင်သည် ထို့အတွက် ကျေးဇူးသိတတ်သည့်အနေဖြင့် စီးပွားရေးနှင့် ဘူမိမဟာဗျူဟာပိုင်းတွင် တရုတ်၏ တောင်းဆိုမှုများကို လိုက်လျောပေးရတော့မည် ဖြစ်သည်ဟု အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျုမှ ဂျေဆန် တာဝါက ‌ဆိုသည်။

တရုတ်သည် အချိန်ဖြုန်းမနေဘဲ မင်းအောင်လှိုင် ရောက်လျှင်ရောက်ချင်းပင် ၎င်းတည်းခိုရာ Hualuxe ဟိုတယ်သို့ တရုတ် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လာရောက်တွေ့ဆုံ‌စေပြီး ဓာတ်အားထုတ်လုပ်ရေး၊ လျှပ်စစ်ကားများ အစရှိသည့် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများကို လာရောက် ဆွေးနွေး တောင်းဆိုလာကြပြီ ဖြစ်သည်။

ဘေဂျင်းသည် တနည်းအားဖြင့် ၎င်းတို့၏ အရှိန်အဝါကို သုံး၍ ပြည်သူတို့၏ တော်လှန်ရေးကို ပြိုပျက်သွားရန် စိတ်ဓာတ်ရေးရာ စစ်ဆင်လာခြင်းလည်း ဖြစ်သည်။

နေပြည်တော် ပြည်သူ့ကာကွယ်ရေးအဖွဲ့က နံနက် ၈ နာရီခန့်တွင် လေဆိပ်အား ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက်ပြီး လက်တုံ့ပြန်ခဲ့ကြသည်။

အမျိုးသားညီညွတ်ရေးအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အွန်လိုင်းမှ ပူးတွဲ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်၏လုပ်ရပ်ကို မနှစ်မြို့ကြောင်း ဝေဖန် ပြောဆိုခဲ့ကြသည်၊ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တရုတ်၏ လုပ်ရပ်ကြောင့် မိမိတို့ တော်လှန်ရေး မည်သို့မျှ ထိခိုက်မည် မဟုတ်ကြောင်းနှင့် နယ်ခြားဒေသရှိ မိမိတို့ တိုင်းရင်းသားများသည် တရုတ်၏ ဖိအားပေးလာမှုကို ကောင်းစွာ ကိုင်တွယ်နိုင်စွမ်း ရှိနေကြသည်ဟု ဆိုသည်။

အိန္ဒိယအစိုးရကလည်း မိမိတို့နှင့် ဆွေးနွေးရန် လက်ကမ်းလာပြီ ဖြစ်သည်ဟုလည်း ဝန်ကြီးက ပြောသွားခဲ့သည်။

စစ်ကောင်စီသည် ဘက်ပေါင်းစုံမှ ပြိုလဲကျဆင်းလာနေချိန်တွင် အိန္ဒိယသည် အခွင့်အရေးကို အမိအရ ဖမ်းဆုပ်ကာ ယခင်ကလို အာဏာရ အသိုက်အဝန်းနှင့် မှိန်း၍ ဆက်ဆံမနေတော့ဘဲ လက်ကမ်းလာခြင်း ဖြစ်သည်ဟု ချင်းအမျိုးသားတပ်ဦး လက်ထောက် အထွေထွေအတွင်းရေးမှူး ဆလိုင်းထက်နီ က မှတ်ချက်ချခဲ့သည်။

မင်းအောင်လှိုင်၏ ဂန္ဓာလရာဇ် ပြည်သွားခရီးစဉ်နှင့် တရုတ်၏ ခြေလှမ်းများကို ဆက်လက်  စောင့်ကြည့်ရမည် ဖြစ်သည်။

လှစိုးဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024