Home
နိုင်ငံတကာ
တရုတ်ကို စည်းကြပ်ခွန်တိုးကောက်မည့်အစီအစဉ် ဒေါ်နယ်ထရမ့်ပ် အကောင်အထည်ဖော်နိုင်
DVB
·
November 7, 2024
Photo: REUTERS/Kevin Lamarque

အမေရိကန်မှာ ဒေါ်နယ်ထရမ့်ပ် သမ္မတရာထူးယူအပြီး စက္ကန့်ပိုင်းအတွင်း တရုတ်နိုင်ငံအပေါ် စည်းကြပ်ခွန်တွေ တိုးလာနိုင်တယ်လို့ ဝါရှင်တန်အခြေစိုက် မဟာဗျူဟာအကြံပေးကုမ္ပဏီ The Asia Group က လင်ဟန်ရှန်က နိုဝင်ဘာ ၆ ရက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထရမ့်ပ်ဟာ လွန်ခဲ့တဲ့ ၄ နှစ်က သူ့ရဲ့ ပထမသမ္မတသက်တမ်းမှာ မပြီးပြတ်ခဲ့တဲ့ ကုန်သွယ်ရေး ဆွေးနွေးမှုတွေကို ပြန်စရင်း “မပြီးဆုံးသေးတဲ့ ကိစ္စတွေ”ကို ပြီးပြတ်အောင် လုပ်ဖို့ ကြိုးစားလိမ့်မယ်လို့ အဖွဲ့ရဲ့ လင်မျိုးနွယ် တရုတ်ဒါရိုက်တာက ပြောပါတယ်။

အသက် ၇၈ နှစ်အရွယ် ထရမ့်ပ်ဟာ နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ သမ္မတရာထူး ရဖို့လိုတဲ့ သမ္မတရွေးချယ်ရေး ပြည်ထောင်စုကိုယ်စားလှယ်အဖွဲ့ရဲ့ မဲပေါင်း ၂၉၅ မဲနဲ့ အိမ်ဖြူတော်ကို ပြန်သိမ်းပိုက်ခဲ့ပါတယ်။

ပြည်ပနိုင်ငံအားလုံးဆီက သွင်းကုန်တွေအပေါ် အကောက်ခွန် ၁၀ ရာခိုင်နှုန်းနဲ့ တရုတ်နိုင်ငံဆီက သွင်းကုန်တွေအပေါ် အကောက်ခွန် ၆၀ ရာခိုင်နှုန်း အပါအဝင် သွင်းကုန်ခွန် ကောက်ခံရေးဟာ ထရမ့်ပ်ရဲ့ မူဝါဒတွေထဲက အဓိကကျတဲ့ အစီအစဥ်တစ်ခုဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ အကြီးမားဆုံး သက်ရောက်မှု ဖြစ်လာနိုင်ပါတယ်။ 

မကြာသေးမီက မီဒီယာတွေမှာ ထရမ့်ပ်က ဒီအကြောင်းကို ထုတ်ဖော်ပြောဆိုခဲ့ပြီးတဲ့နောက် ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ၆၀ ရာခိုင်နှုန်း ခြိမ်းခြောက်မှုက တကယ်ဖြစ်လာနိုင်တယ်လို့ လင်က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ မဟာမိတ်တွေအတွက် အမေရိကန်ရဲ့ ကတိကဝတ်ကို ထရမ့်ပ်ရဲ့ အစိုးရက စမ်းသပ်လာနိုင်တယ်လို့ လင်က ပြောပါတယ်။

ထရမ့်ပ်ဟာ ကာကွယ်ရေးဘတ်ဂျက်ကို မမြှင့်တင်ရင် မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO ကနေ နုတ်ထွက်မယ်လို့လည်း အရင်က ခြိမ်းခြောက်ခဲ့ဖူးပါတယ်။

စည်းကြပ်ခွန် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုက ပို့ကုန်တွေကနေတဆင့် အင်အားကြီး တိုးတက်လာအောင် တရုတ်နိုင်ငံက ကြိုးပမ်းအားထုတ်နေတာကို  ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ ပစိဖိတ်ဒေသမှာ တရုတ်ပြည်မကြီးအစိုးရက “ရှေ့ဆက် တည်ရှိမှု” ကို ခွင့်ပြုနိုင်တယ်လို့ လင်က ပြောခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013