မြန်မာ - တရုတ်နယ်စပ် မူဆယ်ကနေတဆင့် တရုတ်နိုင်ငံဘက် အထည်ချုပ် စက်ရုံတွေမှာ အလုပ်သွားလုပ်မယ့် မြန်မာလုပ်သားတွေ အလုပ်ခေါ်စာ ကြန့်ကြာလို့ လက်ရှိမှာ အခက်အခဲ ဖြစ်နေကြကြောင်း မြန်မာလုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေဆီက သိရပါတယ်။
"တရုတ်ဘက် ဝင်ဖို့ နယ်စပ် ယာယီ ဖြတ်ကျော်ခွင့် ၇ ရက်ကတ်လည်း ရထားပြီးပြီ။ ခေါ်စာမရ လို့ အခက်အခဲ ဖြစ်နေတယ်။ ၇ ရက်ကတ်လည်း သက်တမ်းတိုးပေးဖို့ ပြောထားရတယ်” လို့ တရုတ်ဘက် အထည်ချုပ်စက်ရုံမှာ သွားလုပ်မယ့် မိန်းကလေးတယောက်က ပြောပါတယ်။
“၇ ရက်ကတ်လည်း သက်တမ်း လွန်တာ တလ ကျော်သွားရင် အစကနေ တုံကင်ပြန်ယူရမယ်လို့ သတင်းကြားနေပြီး အခု တုံကင်ပြန်ယူရင် ၃ လ လောက်စောင့်မှ ၇ ရက်ကတ်ရမယ်လို့လည်း ကြားနေတာကြောင့် စိုးရိမ် စိတ်ပူနေရတယ်။”
တိုက်ပွဲတွေကြောင့် အလုပ်ရှားပါလို့ မိသားစု စားဝတ်နေရေး ပိုခက်ခဲလာတာကြောင့် တရုတ်ဘက် အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ မူဆယ်မှာ စောင့်နေတာ ၂ လ ကျော်နေပြီဖြစ်ကာ နေထိုင် စားသောက်စရိတ်လည်း အဆင်မပြေလာတော့ဘူးလို့ သူက ပြောပါတယ်။
ရွှေလီမှ လုပ်ငန်းရှင်တယောက်က “တရုတ်ဘက်က ကုမ္ပဏီတခုကို တပတ်မှ တခါပဲ လူခေါ်ခွင့်ပေးတယ်။ ပြီးရင် တပတ်ကို ၁၀ ယောက်၊ ၁၀ ယောက်ကျော် အဲလောက်ပဲ ခေါ်လို့ရတယ်။ မူဆယ်မှာ စောင့်နေတဲ့ အလုပ်သမားတွေလည်း ငွေ အရမ်းကုန်နေပြီ" လို့ ပြောပါတယ်။
တရုတ်ဘက်က လုပ်ငန်းရှင်တွေအနေနဲ့ လုပ်သားခေါ်မယ်ဆိုရင် တရုတ် ရဲစခန်းနဲ့ အလုပ်သမားရုံးတွေမှာ စာတဂ်ရပြီး ခွင့်ပြုချက်ကျလာမှ မြန်မာဘက်က စက်ရုံ လုပ်သားခေါ်လို့ရပြီး လုပ်သားခေါ်စာ လူဦးရေ နည်းနည်းပဲ ပေးတဲ့အပြင် တပတ်တခါပဲ ရတာကြောဂ့် လုပ်ငန်းရှင်တွေဘက်ကလည်း အခက်အခဲ ဖြစ်နေသလို စက်ရုံလည်ပတ်ဖို့လည်း နှောင့်နှေးစေတယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မြန်မာဘက်က တရုတ် - မြန်မာ နှစ်နိုင်ငံထိစပ်နေတဲ့ မူဆယ်ခရိုင် အိမ်ထောင်စု စာရင်း ရှိသူတွေကိုသာ နယ်စပ်ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတာဖြစ်ပြီး တခြားနေရာ ဒေသက မြန်မာနိုင်ငံသားတွေကိုတော့ တရုတ်နယ်စပ်ဘက်ခြမ်း သွားရောက်ဖို့ နယ်စပ် ယာယီဖြတ်ကျော်ခွင့် လက်မှတ် ၇ ရက် ကတ်ကိုသာ ထုတ်ပေးတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဥပဒေအရ ယာယီ နယ်စပ်ဖြတ်ကျော်ခွင် ၇ ရက်ကတ်နဲ့ တရုတ်ဘက်ခြမ်း အလုပ်လုပ်ကိုင်ခွင့် မရှိပေမဲ့ နှစ်နိုင်ငံ နယ်စပ် နားလည်မှုအရ မြန်မာလုပ်သားတွေကို ၇ ရက်ကတ်နဲ့ တရုတ်နယ်စပ် စက်ရုံတွေမှာ အလုပ်လုပ်ခွင့် ပြုထားတာလို့ ဆိုပါတယ်။
အလားတူ တရုတ်ဘက်ကလည်း မြန်မာနဲ့ ခရိုင်ချင်း ထိစပ်နေတဲ့ ဒေသခံတွေကိုသာ နယ်စပ် ဖြတ်ကျော်ခွင့်စာအုပ် ထုတ်ပေးတာဖြစ်ပါတယ်။