(က)
“တောင်ကြီးတန်ဆောင်တိုင် သိပ်စည်ကားဆိုကွ စိမ်းမောင်ရ။”
“တင်ပါ့၊ ကြက်ပျံမကျပါပဲ ဘုရား။”
“အေးချမ်းသာယာတဲ့ သဘောပေါ့ကွာ။”
“နယ်မြေ အေးချမ်းရင် ပြည်သူလူထုဟာ ဒီလိုပဲ ငြိမ်းချမ်းမှုအကျိုးကို ခံစားရတာပေါ့ ဘုရာ့။”
“အိမ်း . . . အဲ့ဒါကို လူတွေ သိကြဖို့လိုသကွ။”
“မှန်ပါ့ ဘုရား။”
စိမ်းသရဖူစိမ်းဆရာတော်နှင့် စိမ်းဆိုမှစိမ်းဒကာကျော်တို့မှာ ကြင်စိုး သာဝ မအလဘက်ကို ဒီလိုပဲ စိတ်ပြန်ပြန်လည်တတ်ပါသဗျ။ အဘစောမူးသာနှင့် စစ်ပြန်ကြီး အဘလုံးတုံးတို့က ဖေကြီးကို လှမ်းကြည့်ကာ ပြုံးစိပြုံးစိ လုပ်ပြကြပါလေရာ မကြာခင် စစ်ဆင်ရေးတခု ဆင်နွှဲတော့မည့် သဘော လက္ခဏာပါပေ။ အဘစောမူးသာက စတင်ပါလေ၏ ခင်ဗျာ။
“တောင်ကြီးတန်ဆောင်တိုင် စည်ချက်ကတော့ ကမ်းကုန်ပါပဲ ဘုရာ့။”
“အေးပေါ့ကွ၊ နယ်မြေဒေသတိုင်း ဒီလိုအေးချမ်းနေရင် ဒီလိုပဲ ပွဲလမ်းသဘင်တွေနဲ့ လူတွေ ပျော်ရွှင်ရမှာကွ မူးသာရ။”
“တင်ပါ့ဘုရာ့၊ တောင်ကြီးတန်ဆောင်တိုင်မှာ နာမည်ကျော် မီးပုံးပျံပွဲတွေလည်း ခြိမ့်ခြိမ့်သည်းသည်းပါပဲ။”
“အေးကွ၊ တပ်ချုပ်ကြီးတောင် မီးပုံးပျံ လွှတ်သေးတယ်လို့ ပြောကြပါလား။”
“မှန်ပါတယ်ဘုရား၊ သူက ရိုးရိုးတန်းတန်းမလွှတ်ဘဲ စာတန်းတွေဘာတွေတောင်မှ အကျအနချိတ်ဆွဲလို့ သူများထက် ထူးလှပါပေတယ်။”
“အေးကွ . . . ငါ ကြားလိုက်တယ်၊ တပ်ချုပ်ကြီးက လူ့အသက်တွေကို တန်ဖိုးထားတဲ့သဘော စာတန်း ရေးဆွဲထားတယ် ဆိုလား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
ရုတ်တရက် ထရယ်ကြတော့ တောင်ကျောင်းဆရာတော်က ဘုကြည့်ကြည့်ကာ “ဘာ ထရယ်ကြတာလဲကွ” ဟု မေးတော်မူပါလေ၏။
အဘလုံးတုံးက ပြုံးစပ်စပ်နှင့် ဖြေကြားပါ၏။
“ကိုယ်တော်တို့ တပ်ပြုတ်ကြီးရဲ့ မီးပုံးပျံပေါ်က စာသားက ကောင်းလွန်းလို့ပါ ဘုရာ့။”
“အဲ . . . အတိအကျလေး ပြောပါဦးဟ။”
“ 'လူ့အသက်ထက် အရေးကြီးတာဘာမှမရှိ' ပါတဲ့ ဘုရာ့။”
“အိမ်း . . . ကောင်းသဟ။”
“အဲ့ဒါကြောင့်လည်း သူ့ဩဇာခံ ဖက်ဆစ်တပ်ဖွဲ့ဝင်တွေဟာ မြန်မာပြည်ရဲ့ အမြို့မြို့အရွာရွာတိုင်းမှာ အလံဖြူတွေ ထောင်ထောင်ပြီး လက်နက်တွေ ချချနေကြတာပေါ့ ဘုရာ့။”
“အာ့ . . . ဘာဆိုင်လို့လဲ။”
“ကိုယ်တော်ပဲ စဉ်းစားကြည့်လေ၊ ယှဉ်တိုက်ရင် သေမယ့်အခြေအနေဆိုတော့ ကိုယ့်အသက်ကိုကိုယ် တန်ဖိုးထားပြီး အသေမခံတော့ဘဲ လက်နက်တွေ အစုလိုက်အပြုံလိုက် ချနေကြတော့တာပါ ဘုရား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
(ခ)
ဆရာတော်ဘုရားကား အရွှင်အဘများကို လက်ကာပြကာ ထ၍ထွက်တော်မူသွားလေပြီတကား။ အဘစိမ်းမောင်က “မင်းတို့ကောင်တွေကွာ၊ မဟုတ်မဟတ်တွေ ပြောလိုက်ပြန်ပြီ” ဟု မန်ပါလေ၏။
“ဒီမှာ စိမ်းမောင် . . . ငါတို့ပြောတာ အမှန်တရားဟ၊ လူ့အသက်ထက် အရေးကြီးတာ ဘာရှိလဲ။”
“အဲ . . . ဟို . . . ဒီ . . . ဒီလိုကွာ၊ တပ်ချုပ်ကြီး ပြောတာက . . .။”
“မင်းတို့အဘ မအလကြီးက ငါတို့တတိုင်းပြည်လုံးက သူ့ကိုတွန်းလှန်နေတဲ့ ပြည်သူတွေကို ခြိမ်းခြောက်လိုက်တာကွ။”
“ဘယ် . . . ဘယ်လို။”
“အေး၊ မင်းတို့ကောင်တွေ ငါနဲ့ ငါ့လက်ပါးစေ ဖက်ဆစ်တပ်ကို အပြတ်ချေမှုန်းနေရင် မင်းတို့ကိုလည်း ငါက လေထဲကနေ အမှုန့်ခြေပစ်မယ်ကွ၊ မင်းတို့အသက်ထက် အရေးကြီးတာ ဘာရှိလဲ” လို့ လူမိုက်စကား ပြောတာဟ။
“ဟေ . . .”
“အခုဆို မအလကြီးဟာ စိတ်ငြိမ်ဆေးတွေနဲ့ အိပ်ဆေးတွေကို အရင်ကထက်ပိုပြီး မှီဝဲနေရပြီလို့ ဆေးတပ်ဖရဲသီးဆီက သတင်းအတိအကျ ရထားတယ်ကွ။”
“အိပ်ဆေးကတော့ သောက်ရမှာပေါ့ကွာ။ နိုင်ငံ့ခေါင်းဆောင်ဆိုတာ အလုပ်တွေများ၊ အတွေး တွေများပြီး ညည ဘယ်အိပ်ပျော်ပါ့မလဲ။”
“ဟဲဟဲ ဟဲဟဲ ဟဲဟဲ . . . မအလက ‘နိုင်ငံ့ခေါင်းဆောင်’ မဟုတ်ဘူးကွ၊ တပ်ဖွဲ့ဝင်အင်အား နှစ်သိန်းဝန်းကျင်လောက်ပဲရှိတော့မယ့် ဖက်ဆစ်လူသတ်ကောင်တွေကို မောင်ပိုင်စီးထားတဲ့ ‘လူတစုခေါင်းဆောင်’ အဆင့်ဟ။”
“ဟားဟား ဟားဟား ဟားဟား။”
အဘစိမ်းမောင်က “မောင်ပိုင်စီးထားတယ် ဆိုတာက ဘာကိုပြောတာလဲ” ဟု မေးလာပါလေရာ အဘလုံးတုံးက “နိုင်ငံပိုင်တပ်မတော်ကို သူ့ ခါးပိုက်ဆောင်အဖြစ် မောင်ပိုင်စီးထားတာကွ” ဟု ဖြေပါလေ၏။
“ဦးနေဝင်းလည်း ကိုယ်ပိုင်တပ် လုပ်ခဲ့တယ်။ ဦးသန်းရွှေလည်း သူ့တပ် လုပ်ခဲ့တယ်။ အခု မအလကြီးလည်း ဆရာတွေခြေရာကို အဲဒီလိုလုပ်ပြီး တပ်ကို အပိုင်စီးထားပြန်ပြီလေကွာ။”
“အဲ . . .”
“ဦးနှောက်ရှိတဲ့ စစ်သည်တွေကတော့ သူ့လက်အောက်မှာ အသေမခံတော့ဘဲ လက်နက်တွေချ၊ အလင်းတွေဝင်နဲ့ သူတို့မိသားစုတွေရဲ့ အနာဂတ်ဘဝတွေကို လှပအောင် ထုဆစ်နေကြပြီဟ။”
“ဟေ . . .”
“CDM လုပ်ခဲ့ကြတဲ့သူတွေရယ်၊ အလင်းဝင်ခဲ့ကြတဲ့သူတွေရယ်၊ လက်နက်ချခဲ့ကြတဲ့ သူတွေရယ်လည်း အများကြီးပဲဟ။”
“အ . . .”
“အခုဆိုရင် စစ်မြေပြင်တွေမှာ မြေဩဇာဖြစ်သွားကြတဲ့သူတွေဟာလည်း နည်းနည်းနောနောလား၊ အခုတော့ မအလတပ်မှာ အင်အားချည့်နဲ့နေပြီ။”
“အင်အားသစ်တွေ ထပ်ဖြည့်နေတာလည်း ထည့်ပြောပါဦးဟ မူးသာရ။”
“အေး၊ မင်းပြောသလို တတိုင်းပြည်လုံးက လူငယ်လူရွယ်တွေကို အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းပြီး အင်အားဖြည့်တာနဲ့ ‘အင်အားအစစ်’ မပြည့်ဘူး စိမ်းမောင်ရ။”
“ပြည်သူ့စစ်တွေ၊ ပျူစောထီးတွေနဲ့ နယ်ခြားစောင့်တပ်တွေလည်း အင်အား အများကြီးပါပဲ လုံးတုံးရာ။”
“အရေအတွက်ထက် အရေးကြီးတာ အရည်အချင်းဟ စိမ်းမောင်ရ။”
“ဟေ . . .။”
“အရည်အချင်းထဲမှာ စိတ်ဓာတ်ကလည်း အရေးကြီးသဟ၊ မှန်ကန်တဲ့အသိတရားရှိပြီးမှ မှန်ကန်တဲ့ဘက်မှာ ရပ်ရမယ်၊ ပြီးတော့ အောင်စိတ်ရှိမှ အောင်နိုင်တာဟ။”
“အင်း . . .။”
“မမှန်ကန်တဲ့ဘက်၊ မတရားတဲ့ဘက်မှာ ဝင်ရပ်တဲ့ကောင်တွေမှာ အောင်စိတ် မရှိဘူး၊ ရှုံးစိတ်ပဲ ရှိလိမ့်မယ်။”
“အဲ . . .။”
“အခုတော့ မဟုတ်တာလုပ်တဲ့ကောင်ကြီးဟာ 'အောင်လှိုင်' မဟုတ်တော့ဘူး၊ ‘ရှုံးလှိုင်’ ဖြစ် နေပါပြီဗျား။”
“ဝါး . . . ဟားဟား ဟားဟား ဟားဟား။”
(ဂ)
အဘစိမ်းမောင်မှာ မျက်နှာကြီးမည်းနေပါလေပြီ။ ဆရာတော်လည်း ခပ်လှမ်းလှမ်းမှနေ၍ နားဆင်နေပုံရပါ၏။ အဘစိမ်းမောင်မှာ အနိုင်ပြောလိုစိတ်ကိုမွေးကာ စကား ဟ လာပါ၏။
“ဘာပဲပြောပြော မင်းတို့ ကိုးကန့်တပ်ရဲ့ ခေါင်းဆောင်ကို တရုတ်က ဖမ်းထားပြီဟ။”
“လားရှိုးကို ပြန်မပေးလို့တဲ့ဟ စိမ်းမောင်ရ။”
“အေး . . . နောက်ဆို သူတို့စကားနားမထောင်တဲ့ ကချင်ခေါင်းဆောင်တွေကော၊ ရခိုင်ခေါင်းဆောင်တွေကော၊ ရှမ်းနဲ့ ကရင်ခေါင်းဆောင်တွေကိုပါ ဖမ်းဦးမှာဟ။”
“ဟေ . . . ဟုတ်လားဟ၊ တကယ်တော့ မအလကမှ ‘ပြည်ပအားကိုး မေ - -ို း’ အစစ်ဟ။”
“ဟမ် . . .”
“ဘယ်ကွာ . . သူတို့ပြောပြောနေတဲ့ နှစ် ၇၀ သက်တမ်းရင့် ဖက်ဆစ်တပ်ကြီးက ကလေးတွေကို မနိုင်လည်းမနိုင်ရော ပထွေးပေါက်ဖော်ကိုသွားတိုင်ပြီး ‘တားတားဂို အနိုင်ကျင့်နေကြရို့၊ ရုတ်ပါအုံး’ ဆိုတဲ့အချိုးဟ။”
“ဟေ . . .”
“အခုလည်း ကျောက်ဖြူ အထူးစီးပွားရေးဇုန်စီမံကိန်းကို ကာကွယ်ဖို့ဆိုပြီး တရုတ်လက်နက်ကိုင်တွေနဲ့ တရုတ်စစ်လက်နက်တွေကို ပေါ်တင်ကြီး တင်သွင်းဖို့ အပူတပြင်း ဖုတ်ပူမီးတိုက် ကမန်းကတန်း လုပ်နေပြန်ပြီဟ။”
“အာ့ . . .”
“အမှန်ကတော့ AA တပ်တော်ကို ပြန်တိုက်ဖို့ အသားဖြူ ‘ပထွေးတပ်’ ကို ကြေးစားငှားတဲ့ သဘောဟ စိမ်းမောင်ရ။”
“ဟမ် . . .”
“ရခိုင်ဘက်ပြီးရင် ကချင်ဘက်တို့၊ ကိုးကန့်ဘက်တို့၊ ရှမ်းဘက်တို့၊ ကရင်နီဘက်တို့၊ ချင်းဘက်တို့ကအစ နောက်ပိုင်းမှာ စစ်ကိုင်းဘက်၊ မန္တလေးဘက်၊ မကွေးဘက်၊ ရန်ကုန်ဘက်ကနေ နေပြည်တော်ဘက်အထိ ‘ပထွေးတပ်’ တွေ အငှားချလိမ့်မယ်။”
“ဟေ . . .”
“ကြင်စိုး သာဝ မအလဟာ သူလုံးဝ မနိုင်တော့မှန်း သိနေပြီမို့ အခုလို ‘မထူးဇာတ်’ ကို မျက်နှာပြောင်တိုက်ပြီး ဇွတ် ' က ' တော့တာ။”
“အာ . . .”
“‘စုတ်တရောက်’ တပ်တွေလည်း မြန်မာပြည်မှာ ‘တရုတ်မြေဩဇာ’ ဖြစ်ချင်တယ်ဆိုရင် လာသာလာခဲ့။"
“အဲ့ . . .”
“လာခဲ့ကြစမ်းပါလေ၊ ‘မုန့်ဟင်းခါး’ ကို အထူးစပါယ်ရှယ် ‘ဝက်သား’ နဲ့ ချက်ပေးလိုက်ကြမယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ အကုန်လုံးက ကြုံးဝါးနေကြပြီကွ။”
“လုံးတုံးရာ . . . နင်ပြောတာနဲ့ပဲ ‘ဝက်သား မုန့်ဟင်းခါး’ တောင်မှ စားချင်လာပြီကွာ။”
“ဟား ဟား ဟား ဟား ဟား ဟား”
“အေးကွ၊ ငါလည်း မုန့်ဟင်းခါးစားရင် အီကြာကွေး ထည့်စားနေကျကွ။”
“ဒီတော့ သတ္တိရှိရင် ဝင်ခဲ့ကြ၊ ဝက်သားမုန့်ဟင်းခါးထဲ အီကြာကွေးတွေကော၊ ပေါက်စီတွေပါ အကုန် ထည့်စားပစ်မယ်။”
“သွားရည်တောင် ယိုလာပြီ လုံးတုံးရာ၊ စိမ်းမောင်ကော ‘ဝက်သားမုန့်ဟင်းခါး’ စားအုံးမလား။”
“ပေါက်ပေါက်ရှာရှာ မစားချင်ပါဘူးကွာ။”
“ ‘စုတ်တရောက်’ လည်း မအလနဲ့ပေါင်းပြီး ‘မအလစုတ်တရောက်’ ဖြစ်နေပြီ။”
“မသူတော်တွေ ပူးပေါင်းကြံစည်နေတာ မြင်ရတော့ ဆရာထင်ထင်းဦးရဲ့ ‘မှက် ခြင် နဲ့ ယင်
ရိုင်း’ ဆိုတဲ့ ကဗျာလေးတောင် ရွတ်ချင်လာပြီကွာ။”
“ရွတ်ချလိုက်ပေါ့ မူးသာရာ။”
အဘစောမူးသာက ကဗျာကလေးကို ပီပီသသ သေသေသပ်သပ် ရွတ်ပြပါ၏။
“သွေးစုတ်ကောင်ချင်း
အယုတ်နဲ့ အယုတ်
ပေါင်းစည်းကြမှတော့
ကောင်းပြီး ဟုတ်လာစရာမရှိပါဘူး
ပေါင်းပြီး ယုတ်မာဖို့ပဲ ရှိမပေါ့။”
ဖေကြီး(လေရှီး)