ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမှာ တန်ဆောင်တိုင်ပွဲက ပြန်လာတဲ့ Canter ကားက ရပ်ထားတဲ့တွဲကားကို ဝင်တိုက်လို့ ကားပေါ်ပါသူ အမျိုးသမီးငယ် ၃ ယောက် သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၆ ရက် ဒီနေ့ မနက် ၃ နာရီလောက်က အောင်သပြေ ၂၂၂ တပ် အပေါ်ဘက် အလယ်ဂိတ်နားမှာတိုက်မိခဲ့တာဖြစ်ပြီး Canter ကားပေါ်ပါသူ ၁၀ ယောက်ထဲက ၁ ယောက်ပွဲချင်းပြီး သေဆုံးသလို နောက် ၂ ယောက်က ဆေးရုံရောက်ပြီး မကြာခင်သေဆုံးသွားပြီး ၇ ယောက်ကလည်း ဒဏ်ရာအပြင်းအထန်ရသွားတယ်လို့ သိရပါတယ်။
ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်က “ဒဏ်ရာရသူထဲလည်း ၄ ဦးက စိုးရိမ်ရတဲ့ အနေအထားရှိတယ်။ ခုတော့ ဆေးကုသမှုတွေခံယူနေကြတယ်” လို့ ပြောပါတယ်။
သေဆုံးသူ ၃ ယောက်ဟာ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးတွေဖြစ်ပြီး ရပ်စောက်မြို့နယ်၊ ရွှေဘုံသာရွာက က နန်းဝင်းရီ၊ နန်းထူးနဲ့ နန်းစန္ဒာအောင်တို့ ဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ သူငယ်ချင်းတယောက်က “သွားတုန်းက အပျော်ဆိုကြပေမယ့် ပြန်လာတော့ သူတို့အတွက် နောက်ဆုံးခရီးဖြစ်ခဲ့ရတယ်။ အရမ်းဝမ်းနည်းတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် တောင်ကြီးတန်ဆောင်တိုင်ပွဲမှာ ကား၊ ဆိုင်ကယ် မတော်တဆမှု၊ ခိုက်ရန်ဖြစ်ပွားမှု၊ လူအုပ်အတွင်းမူးဝေပြီး သတိမေ့တာ၊ မီးပုံးပျံယမ်း ထိခိုက်တာတွေကြောင့် ဒဏ်ရာရသူ ၇၀ ထက်မနည်းရှိတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။