အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်ထဲက တောင်ထူတဲ့ ဂျီရိဘမ်ခရိုင်ထဲမှာ အကြမ်းဖက်မှုအတွင်း သေဆုံးခဲ့တဲ့ မေတီတိုင်းရင်းသား လူမျိုး ၉ ယောက်ရဲ့ ဈာပနကို ရာချီတဲ့ မိသားစုဝင်တွေ တက်ခဲ့ကြပါတယ်။
နိုဝင်ဘာ ၁၁ ရက်က လက်နက်ကိုင်ယောက်ျား ၃၀ ဟာ စျေးထဲဝင်လာပြီး ပစ်ခတ်ခဲ့လို့ လူ ၂ ယောက် ပွဲချင်းပြီးသေဆုံးပြီး နောက်နေ့တွေမှာတော့ သေနတ်သမားတွေ ပြန်ပေးဆွဲ ခေါ်သွားခံရတဲ့ လူ ၆ ယောက်ရဲ့ ကျည်ဆန်ရာတွေ ဗလပွနဲ့ အလောင်းတွေကို အနားကမြစ်ထဲမှာ တွေ့ခဲ့ပါတယ်။
သတ်ဖြတ်မှုအတွက် ဆန္ဒပြပွဲမှာ ရဲတွေနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်လို့ ၉ ယောက်မြောက်လူ သေဆုံးခဲ့ပြန်ပါတယ်။
ဒီတိုက်ခိုက်မှုအတွက် ကူကီး တိုင်းရင်းသားမျိုးနွယ်စုထဲက ဟာမာအဖွဲ့ကို အာဏာပိုင်တွေက အပြစ်တင်ခဲ့ပါတယ်။
နိုဝင်ဘာ ၁၁ ရက် တိုက်ခိုက်မှုမှာ တပ်ဖွဲ့ဝင်တွေဘက်က လက်တုံ့ပြန်ပစ်ခတ်လို့ သေနတ်သမား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
သူတို့ကျေးရွာ အစောပိုင်း မီးလောင်မှုနဲ့ သူတို့ တိုင်းရင်းသားတယောက် အသတ်ခံရမှုအတွက် တုံ့ပြန်တဲ့အနေနဲ့ သေနတ်သမားတွေက နိုဝင်ဘာ ၁၁ ရက်မှာ တိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ချို့တဲ့သူတွေအဖြစ် သတ်မှတ်ခံရတဲ့ အဓိကအားဖြင့် ခရစ်ယာန်ကူကီးတွေအတွက် သက်သာချောင်ချိရေး အကျိုးကျေးဇူးတွေရမယ့် အလားအလာနဲ့ ပတ်သက်ပြီး ကူကီးနဲ့ မေတီ တိုင်းရင်းသားတွေဟာ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်ရဲ့ တောင်ခြေမှာ ၂၀၂၃ ခုနှစ် မေလကတည်းက တိုက်ပွဲတွေ ဖြစ်နေခဲ့တာပါ။
အုပ်စုနှစ်စုကြားက လူမျိုးရေးပဋိပက္ခတွေကြောင့် လူ ၂၅၈ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး မဏိပူရပြည်နယ်မှာ လူပေါင်း ၆၀,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဇိုင်ရွန်ကျေးရွာမှာ နေအိမ် ၁၈ လုံးလောက် မီးလောင်သွားတယ်လို့ လုံခြုံရေအရာရှိ တယောက်က ပြောပါတယ်။
အသက် ၃၁ နှစ်အရွယ် ဟာမာတိုင်းရင်းသူတယောက် သေနတ်နဲ့ပစ်ခတ် မုဒိမ်းကျင့်ခံရအပြီး မီးရှို့ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက နိုဝင်ဘာ ၇ ရက်မှာ ပြောပါတယ်။
လက်စားချေတဲ့အနေနဲ့ မေတီတိုင်းရင်းသားတွေ နေထိုင်ရာ မုန်ဘန်ရွာကို လက်လုပ်ဗုံး ၇၀ နီးပါးနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ အာဏာပိုင်တွေက ပြောသည်။
ပြည်နယ်ရဲ့ တခြားနေရာတွေမှာ ကလဲ့စားချေတဲ့ပုံစံကို ပုံတူကူးတဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားခဲ့တယ်လို့ ရိုက်တာသတင်းဌာနက ထုတ်ပြန်ထားပါတယ်။
Source : Reuters