ကပ္ပလီပင်လယ်ပြင်အတွင်းမှာ မက်သဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါး ကီလိုဂရမ် ၅,၅၀၀ နဲ့ ဂြိုဟ်တုဖုန်းတလုံး သယ်ဆောင်လာတဲ့ မြန်မာငါးဖမ်းစက်လှေတစီးကို အိန္ဒိယ ကမ်းခြေစောင့်တပ်က ဖမ်းမိခဲ့ပြီး ဒါဟာ ပင်လယ်ရေပိုင်နက်အတွင်း အကြီးမားဆုံး မူးယစ်ဆေးဝါးသယ်ဆောင်မှု ဖြစ်လာတယ်လို့ NDTV အိန္ဒိယသတင်းမှာ ဖော်ပြပါတယ်။
စိုးဝေယံထူး အမည်နဲ့ အဆိုပါလှေကို အိန္ဒိယကမ်းခြေစောင့်တပ် ကင်းလှည့်လေယာဉ်က ရေယာဉ်ရဲ့ သံသယဖြစ်ဖွယ် လှုပ်ရှားမှုတွေကို တွေ့ရှိရပြီးနောက်မှာ ပူးတွဲစစ်ဆင်ရေးဌာန (JOC) ကို အကြောင်းကြားခဲ့ပါတယ်။ ဒီနောက် အမြန်ကင်းလှည့်ရေယာဉ်နဲ့ နောက်ယောင်ခံ စစ်ဆေးချိန်မှာ ဒေသတွင်း အိန္ဒိယရေယာဉ်တွေရဲ့ လက္ခဏာတွေနဲ့ မကိုက်ညီဘဲ မြန်မာနိုင်ငံအလံကို လွှင့်တင်ထားတာ တွေ့ရှိရတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၂၄ ရက် မနက် ၆ နာရီခွဲလောက်မှာတော့ ကမ်းခြေစောင့်တပ် အမြန်ကင်းလှည့်ရေယာဉ်က အိန္ဒိယရေပိုင်နက်အတွင်း ဘာရန်ကျွန်းနဲ့ ရေမိုင် ၈ မိုင်အကွာမှာ စစ်ဆေးခဲ့ချိန်မှာတော့ လှေပေါ် ပြေးလွှားနေစဉ်အတွင်း သယ်ဆောင်သွားနိုင်တဲ့ Inmarsat ဂြိုဟ်တုဖုန်းတလုံး၊ မက်သာဖက်တမင်း စိတ်ကြွမူးယစ်ဆေးဝါးတွေနဲ့အတူ မြန်မာနိုင်ငံသား ၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
လက်ရှိမှာတော့ သူတို့ကို အန်ဒမန်နဲ့ နီကိုဘားကျွန်းစုမြို့တော် ဆီရိ ဗီဂျေရာ ပူရမ်ဆီ လွှဲပြောင်းပို့ဆောင်ကာ လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
အခုဖမ်းဆီးရမိမှုဟာ အိန္ဒိယကမ်းခြေစောင့်တပ်ရဲ့ ရေကြောင်းသမိုင်းမှာ အကြီးမားဆုံး မူးယစ်ဆေးဝါးသယ်ဆောင်မှု ဖြစ်သလို ကပ္ပလီပင်လယ်ပြင်အတွင်း ရိုဟင်ဂျာလှေတွေ၊ တရားမဝင် မြန်မာငါးဖမ်းသမားတွေကို တင်းတင်းကျပ်ကျပ် ထောက်လှမ်းကြည့်ရှုမှုတွေ ပိုပြီးတော့ မြင့်တက်လာခဲ့တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
Source/ Photo: NDTV