အိန္ဒိယဘီလီယံနာသူဌေးကြီး ဂူတမ်အဒါနီကို လိမ်လည်မှုနဲ့ အမေရိကန်နိုင်ငံက တရားစွဲထား ပါတယ်။
ဂူတမ်အဒါနီဟာ ဒေါ်လာ သန်း ၂၅၀ လာဘ်ပေးလာဘ်ယူမှုမှာ ပါဝင်ပြီး ဒါတွေကို ဖုံးကွယ်ပြီး အမေရိကန်နိုင်ငံမှာ ငွေကြေးတန်ဖိုးမြင့်အောင် ရင်းနှီးမြှုပ်နှံမှုတွေမှာ ပါဝင်ခဲ့ပါတယ်။
ဂူတမ်အဒါနီကို တရားစွဲမှုကို နိုဝင်ဘာ ၂၀ ရက်က နယူးယောက်မြို့မှာ စွဲချက်တင်တာဖြစ်ပြီး ဒါဟာ သူ့အတွက် နောက်ဆုံးထိုးနှက်ချက်တခု ဖြစ်လာပါတယ်။
အသက် ၆၂ နှစ်အရွယ်ရှိ ဂူတမ်အဒါနီဟာ အိန္ဒိယနိုင်ငံရဲ့ အချမ်းသာဆုံး သူဌေးတွေထဲက တယောက်ဖြစ်ပြီး ဆိပ်ကမ်းနဲ့ လေဆိပ်လုပ်ငန်းတွေကနေ ပြန်လည်အသုံးပြုနိုင်တဲ့ စွမ်းအင်ထုတ်လုပ်မှုအထိ လုပ်ငန်းတွေ ချဲ့ထွင်ခဲ့တာဖြစ်ပါတယ်။
ဂူတမ်အဒါနီရဲ့ စွဲချက်ထဲမှာ သူဟာ အိန္ဒိယ အာဏာပိုင်တွေကို ပြန်လည်အသုံးပြုလို့ရတဲ့ စွမ်းအင်အသုံးပြုဖို့ လာဘ်ပေးမှုပြုလုပ်ခဲ့ပြီး နှစ် ၂၀ အတွင်း ဒေါ်လာ ၂ ဘီလီယံကျော် အကျိုးအမြတ် ရခဲ့တယ်လို့ ပါရှိပါတယ်။
ဒီစွပ်စွဲချက်တွေကို အဒါနီအုပ်စုက ချက်ချင်းတုံ့ပြန်မှုတော့ မရှိသေးပါဘူး။ အဒါနီရဲ့ ကုမ္ပဏီကို ၂၀၂၂ ခုနှစ် အမေရိကန်တွေက စတင်စစ်ဆေးမှုပြုလုပ်ခဲ့ပြီး စုံစမ်းမှုတွေကို တားဆီးပိတ်ပင်မှုတွေ ရှိတယ်လို့ အစိုးရရှေ့နေက ပြောပါတယ်။
စွပ်စွဲချက်ထဲမှာ စုံစမ်းမှုတွေကို တားဆီးမှု၊ အိန္ဒိယအစိုးရနဲ့ လာဘ်ပေးလာဘ်ယူ ပြုလုပ်ထားတဲ့ ငွေတွေကို တိုးပွားအောင် အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ပါဝင်ပါတယ်။
အဒါနီဟာ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိပြီး နိုင်ငံရေးသမားမိတ်ဆွေတွေ ဆီကနေ အကျိုးအမြတ်တွေ ရတယ်ဆိုတဲ့ အတိုက်ခံနိုင်ငံရေးသမားတွေရဲ့ စွပ်စွဲမှုတွေကို သူက ငြင်းဆိုထားပါတယ်။
ရွေးကောက်ပွဲမှာ ထရမ့်ပ် အနိုင်ရခဲ့မှုကိုလည်း အဒါနီက ချီးကျူးခဲ့ပြီး အမေရိကန်မှာ ဒေါ်လာ ၁၀ ဘီလီယံ ရင်းနှီးမြှုပ်နှံမယ်လို့ ပြီးခဲ့တဲ့အပတ်က လူမူကွန်ရက်မှာ ဖော်ပြထားပါတယ်။
Source : Reuters