Home
နိုင်ငံတကာ
ဆီးရီးယားသူပုန်များ အကြီးစားထိုးစစ်ဆင်ပြီး နယ်မြေတိုးချဲ့ထိန်းချုပ်
DVB
·
November 29, 2024
Photo : THE WHITE HELMETS

ဆီးရီးယားသူပုန်တွေက အနောက်မြောက်ပိုင်းမှာ အကြီးစားထိုးစစ် စတင်ခဲ့ပြီး နယ်မြေတွေ တိုးချဲ့ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

သူပုန်တွေက အစိုးရရဲ့ ကျူးကျော်မှုကို တားဆီးဖို့အတွက် တိုက်ခိုက်မှုတွေ စတင်တယ်လို့ ပြောပါတယ်။

အစ္စလာမ္မစ် စစ်သွေးကြွအဖွဲ့ Hayat Tahrir al-Sham (HTS) နဲ့ မဟာမိတ်အဖွဲ့တွေဟာ ဗုဒ္ဓဟူးနေ့ကစပြီး အလက်ပိုနဲ့ အစ်ဒ်လစ်ပြည်နယ်တွေမှာ မြို့နဲ့ရွာတွေ သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါသာ အတည်ပြုနိုင်မယ်ဆိုရင် သမ္မတ ဘာရှား အယ်လ်အာဆတ်ရဲ့တပ်တွေ ထိန်းချုပ်ထားနိုင်တဲ့ နယ်မြေတွေကို ဒီနှစ်ပိုင်းတွေထဲမှာ ပထမဆုံးအကြိမ် သိမ်းပိုက်နိုင်မှု ဖြစ်ပါတယ်။

အာဆတ်ရဲ့ ဆီးရီးယားစစ်တပ်ကတော့ အကြမ်းဖက်သမားတွေရဲ့ အကြီးစားတိုက်ခိုက်မှုကို ရင်ဆိုင်နေရပြီး ရန်သူဘက်က ကြီးမားတဲ့ ဆုံးရှုံးမှုတွေ ဖြစ်နေတယ်လို့ တုံ့ပြန်ပါတယ်။

ယူကေအခြေစိုက် စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အဆိုအရ နှစ်ဖက်စလုံးမှာ တိုက်ပွဲတွေကြောင့် လူ ၁၈၀ ကျော် သေဆုံးခဲ့ပြီး ဆီးရီးယားနဲ့ ရုရှား လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား အနည်းဆုံး ၁၉ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၁ ခုနှစ်က ငြိမ်းချမ်းတဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေကို အစိုးရက အကြမ်းဖက် နှိမ်နင်းပြီးနောက် ဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ လူပေါင်း ၅၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။

အစ်ဒ်လစ်ဟာ နောက်ဆုံးကျန်နေတဲ့ အတိုက်အခံ ခြေကုပ်ယူရာဒေသဖြစ်ပြီး ပဋိပက္ခအတွင်း နေရပ်စွန့်ခွာပြီး ဆိုးရွားတဲ့ အခြေအနေတွေနဲ့ နေထိုင်နေရတဲ့ ဒုက္ခသည်တွေ အပါအဝင် လူ ၄ သန်းကျော် နေထိုင်တဲ့ဒေသ ဖြစ်ပါတယ်။

ဒီဒေသကို အဓိကအားဖြင့် HTS က ထိန်းချုပ်ထားပြီး တူရကီထောက်ခံတဲ့ ဆီးရီးယား အမျိုးသားတပ်မတော် (SNA) အောက်က သူပုန်အဖွဲ့တွေနဲ့ တူရကီတပ်တွေလည်း အခြေစိုက်နေကြပါတယ်။

၂၀၂၀ ပြည့်နှစ်မှာ တူရကီနဲ့ အာဆတ်ရဲ့ ခိုင်မာတဲ့မဟာမိတ်ဖြစ်တဲ့ ရုရှားတို့ဟာ အစ်ဒ်လစ်ကို အစိုးရက ပြန်လည်သိမ်းပိုက်ဖို့ ကြိုးပမ်းမှုကို ရပ်တန့်ဖို့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ယူထားတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013