ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်(မူတြော်)ခရိုင်က စစ်ကောင်စီရဲ့ မထောစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက စတင်တိုက်ခိုက်ခဲ့ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက ပြောပါတယ်။
နိုဝင်ဘာ ၁၉ ရက်နေ့ကစတင်ပြီး စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ ၄၀၇၊ ခမရ ၄၀၈ နဲ့ ခမရ ၄၀၄ တို့ ပူးပေါင်းအခြေချတပ်စွဲနေတဲ့ မထောစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး နိုဝင်ဘာ ၂၂ ရက်နေ့ မနက်ပိုင်းက အပြီးသတ် သိမ်းပိုက် ရရှိခဲ့တယ်လို့ ဆိုပါတယ်။
KNU တပ်မဟာ ၅ ရဲ့ ပြောခွင့်ရသူ ဗိုလ်မှူးကြီး စောကလယ်ဒိုက “မထောစခန်းက အရင်တုန်းက ရွာထဲမှာရှိပြီး တပ်ကရွာထဲရှိတော့ ဒေသခံတွေအတွက် အကျဉ်းအကျပ်ဖြစ်ပြီး သွားလာတဲ့အချိန်မှာ စစ်ဆေးမေးမြန်းတာ၊ ဒေသခံတွေအတွက် အနှောင့်အယှက်ဖြစ်တဲ့ အခါကျတော့ ရွာက လက်မခံတာကြောင့် KNU ကစတင်ပြီး ပစ်ခတ်မောင်းထုတ်ခဲ့တယ်” လို့ ပြောပါတယ်။
မထောစခန်းဟာ ထပ်မံတည်ဆောက်တာ ၁ နှစ် ၂ နှစ်လောက်ပဲရှိသေးတဲ့အပြင် အမာခံစခန်း မဟုတ်တဲ့အတွက် လက်နက်ခဲယမ်းတွေ အများကြီး သိုလှောင်ထားတာမရှိဘဲ တိုက်ခိုက်သိမ်းပိုက်ချိန် လက်နက်ခဲယမ်းကျန်ခဲ့တာ သိပ်မရှိကြောင်းနဲ့ အကုန်လုံး လွတ်မြောက်သွားခဲ့တာကြောင့် ထိခိုက်သေဆုံးသူ မရှိဘူးလို့လည်း ဆိုပါတယ်။
မထောစခန်းကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်သုံးလုံးစခန်းမှာ သွားရောက်ပူးပေါင်းနေတယ်လို့ KNLA တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၉ ရက်နေ့ ညနေ့ ၄ နာရီလောက်ကလည်း တပ်မဟာ ၅ နယ်မြေတွင်းက စစ်ကောင်စီရဲ့ ကူးဆိပ်တပ်စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ စစ်ကောင်စီအတွက်အရေးပါတဲ့ ဖာပွန်ဗျူဟာကို KNLA ပူးပေါင်းတပ်တွေက ဆက်လက်ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။