ကော့ကရိတ်-မြဝတီ (အာရှ)လမ်းပိုင်းမှာ အောင်ဇေယျစစ်ကြောင်းနဲ့ KNLA ပူးပေါင်းစစ်ကြောင်းတွေ အနီးကပ် တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ သိရပါတယ။
အာရှလမ်းနဲ့ မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စက်တင်ဘာ ဒုတိယပတ်ကစတင်ပြီး စစ်မှုထမ်းတပ်သားသစ်တွေကို အင်အားဖြည့်တင်းပြီး တကျော့ပြန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။
အောင်ဇေယျစစ်ကြောင်းဟာ မြေပြင်နဲ့ ဝေဟင်ပစ်ကူရယူပြီး ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေပေမဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းစစ်ကြောင်းတွေကို မထိုးဖောက်နိုင်ဘဲ အထိနာတာကြောင့် မြေပြင်ကနေ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
အောက်တိုဘာ ၃၀ ရက်ကစတင်ပြီး အနီးကပ်တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်ရှေ့တန်းသတင်းရင်းမြစ်က ပြောပါတယ်။
“နယ်မြေတက်ရှင်းရင်း သူတို့နေရာကို အနီးကပ်တက်သွားပြီး တိုက်တာ။ ပြီးမှ အနောက်ကို ပြန်ထိုင်လိုက်တယ်။ စစ်ကောင်စီဘက်က ၄ ယောက်ဒဏ်ရာရပြီး ၂ ယောက်သေတယ်။ သူတို့က အပေါ်ဘက်ကို ထပ်တက်လို့ မရတဲ့အခါကျတော့ ဒီဘက်ကို ပြန်ဖိတာ။ သူတို့ အရင်နေရာတွေဖြစ်တဲ့ လမ်းဘေးဝဲယာကနေ အထောက်အကူပြုနေတာ။”
နိုဝင်ဘာ ၅ ရက် ညနေလောက်က စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ ဒရုန်းဗုံး ကြဲချတိုက်ခိုက်မှုကြောင့် ကော့ကရိတ်မြို့၊ ရေကျော်ကြီးကျေးရွာအတွင်းကျရောက်ပြီး အသက် ၁၂ နှစ်အရွယ် ကျောင်းသား ကလေးငယ် ၁ ယောက် ဦးခေါင်းလက်နက်ကြီးထိမှန်ပြီး နေရာမှာသေဆုံးခဲ့တဲ့အပြင် ကိုယ်ဝန်ဆောင်အမျိုးသမီး ၁ ယောက် ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကောင်စီတပ်က နေ့ည လက်နက်ကြီးအပြင် သေနတ်တွေနဲ့ ပစ်ခတ်နေတယ်လို့ ဒေသခံတယောက်က ပြောပါတယ်။
“ကော့ကရိတ်အခြေအနေက မကောင်းဘူး။ ဒါပေမဲ့ သတိနဲ့နေနေရတယ်။ သေနတ်သံတွေက နေတိုင်းညံတယ်။ ကျည်ဆန်တွေ နေ့တိုင်း ညတိုင်း ရွာနားမှာပဲကျတယ်။ အမြောက်ကုန်းက ထုတယ်။ ရေကျော်ရွာက စစ်တပ်ထောက်ခံတာများတယ်။ စစ်တပ်က ပရမ်းပတာ ပစ်တော့ လူတွေ ထိတယ်။ တိရစ္ဆာန်တွေ ထိတယ်၊ သေတယ်။”
ဧပြီ ၂၇ ရက်နေ့က စတင်ပြီး ကော့ကရိတ်မြို့တွင်းကို စစ်ရှောင်ပြည်သူတွေကို ပြန်လည်ဝင်ရောက်နေထိုင်ဖို့ စစ်ကောင်စီက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ စစ်ကောင်စီက မြေပြင်နဲ့ဝေဟင်ကနေ ပစ်ခတ်နေတာကြောင့် မြို့တွင်းကနေ ပြန်လည်ထွက်ခွာသူတွေ ရှိနေပါတယ်။
ကော့ကရိတ်မြို့တွင်းက ပြည်သူတွေဟာ ငွေကြေးအဆင်မပြေတာ၊ အသိမိတ်ဆွေ မရှိတာတွေကြောင့် မြို့တွင်းမှာ မနေချင်ဘဲ ဆက်လက်နေထိုင် နေရတယ်လို့ စစ်ရှောင် အရေးကူညီပေးနေသူတယောက်က ပြောပါတယ်။
“ဒီရက်အတွင်း အကြီးအသေးသံတွေ ညံနေတယ်။ ဒီနေ့တော့ ပိုဆိုးတယ်။ သူတို့လည်း အခြေအနေကြည့်နေရတယ်။ ပြောင်းဖို့ရွှေ့ဖို့ဆိုတာက ဘယ်သွားလို့ ဘယ်လာရမလဲ မသိဘူး။ မသိတဲ့အခါကျတော့ အဲဒီလိုပဲနေ နေရတယ်။ တအား နေလို့မရရင် ရောက်ရာပေါက်ရာထွက်မယ်။ တချို့ကျတော့လည်း ငွေကြေးမရှိဘူးလေ။ အသိတွေမရှိတဲ့အပေါ်မှာ အဆင်မပြေဘူး။ မနေချင်ပဲ နေ နေရတဲ့ သူတွေလည်း ရှိတယ်။”
ပြီးခဲ့တဲ့ ဒီဇင်ဘာလကစလို့ ကော့ကရိတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ကော့ကရိတ်-မြဝတီလမ်းပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး အာရှလမ်းပိုင်းကို နိုဝင်ဘာ ၆ ရက်နေ့အထိ ဆက်လက်ထိန်းချုပ်ထားပါတယ်။
ဒါအပြင် သံဖြူဇရပ်- ဘုရားသုံး ဆူလမ်းပေါ်က အနန်းကွင်းစစ်ဗျူဟာကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက ပိတ်ဆို့ပြီး တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက ဝေဟင်နဲ့ မြေပြင်ကနေ ပစ်ကူပေးတိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေက ပြောပါတယ်။
အောင်ခန့်