စစ်မှုထမ်းဖို့ လူစုဆောင်းမပေးနိုင်တဲ့ ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ကြက်ပေါင်ရွာက အုပ်ချုပ်ရေးမှူးကို ဖြုတ်လိုက်ပြီး ကြံ့ခိုင်ရေးပါတီဝင်တယောက်ကို အစားထိုး ခန့်လိုက်တယ်လို့ ပုသိမ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူဆီက သိရပါတယ်။
ပုသိမ်မြို့နယ်၊ ကြက်ပေါင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်မိုးကို မြို့နယ်စစ်ကောင်စီက နိုဝင်ဘာ ၂၀ ရက်က စစ်မှုထမ်းတပ်သား မစုဆောင်းပေးနိုင်တာကြောင့် ဆိုပြီး ဖြုတ်ချလိုက်ကာ နိုဝင်ဘာ ၂၁ ရက်မှာ ကြံ့ခိုင်ရေးပါတီဝင် မောင်ဌေး ဆိုသူကို အစားထိုးခန့်လိုက်တာလို့ သိရပါတယ်။
ဒေသခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “ပထမ အုပ်ကြီးကတော့ ပြည်သူကလက်မခံ စစ်မှုမထမ်းသူများတော့ စစ်သားမစုဆောင်းပေးနိုင်လို့ ဖြုတ်ခံရတာ။ အခု အသစ် မောင်ဌေး ကျတော့ ကျေးရွာထဲမှာ လောင်းကစားဒိုင်ကိုင်ပြီး အမှုပွဲစားလုပ်နေတဲ့အကောင်လေ။ သူ့ကို မနေ့က အုပ်ချုပ်ရေးမှူးအဖြစ် ခန့်အပ်လိုက်တာ။ ဟုတ်တော့ဟုတ်နေပြီ” လို့ ပြောပါတယ်။
အသစ်ခန့်လိုက်တဲ့ ကြက်ပေါင်ကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဌေးဟာ ပျူစောထီး အဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ကို တော်လှန်နေတဲ့ အဖွဲ့တွေရဲ့ သတင်းပေးတာ၊ စစ်သားတွေ၊ ရဲတွေနဲ့ ပူးပေါင်းပြီး လောင်းကစားဝိုင်းတွေလုပ်တာ၊ သက်ငယ်မုဒိမ်းကိစ္စတွေနဲ့ အမှုအခင်းတွေကို အမှုပွဲစား လုပ်ပြီး လာဘ်စားတာတွေ လုပ်နေတဲ့သူလို့ နီးစပ်သူတွေဆီက သိရပါတယ်။
ပုသိမ်မြို့နယ်က ရပ်ကွက်နဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို တိုင်းစစ်ကောင်စီက စစ်မှုထမ်း အပတ်စဉ်တိုင်း သတ်မှတ်အင်အား ပြည့်မီအောင် တပ်သားစုဆောင်းပေးဖို့ အမှတ်စဉ် ၆ တပ်သား သစ်စုဆောင်းဖို့ အစည်းအဝေးမှာ သတိပေးထားတယ်လို့သိရပါတယ်။