Home
ရုပ်သံ
တောင်ကုတ် စကခ ၅ ကို အေအေ ထိုးစစ်ဆင်နေသဖြင့် တိုက်ပွဲ ပြင်းထန်
DVB
·
November 22, 2024

ရခိုင်ပြည်နယ် တောင်ကုတ်မြို့အခြေစိုက် အမှတ် ၅ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ကို နိုဝင်ဘာ ၂၁ ရက်ကစပြီး အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

တောင်ကုတ်မြို့ အနီးပတ်ဝန်းကျင်နဲ့ မြို့တွင်းကို အာရက္ခတပ်တော်က ထိန်းချုပ်နိုင်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့ စကခ ၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“တောင်ကုတ်မြို့အနီးမှာ ရှိခဲ့တဲ့ စစ်ကောင်စီရဲ့ တပ်စခန်းတွေ အားလုံးနဲ့ မြို့မရဲစခန်းကအစ AA ထိန်းချုပ်မှုအောက်ရောက်သွားပြီ။ စစ်ကောင်စီက စကခ ၅ ဌာနချုပ်နဲ့ ခမရ တပ်ရင်း ၂ ခုလောက်ပဲ ရှိတော့တယ်။ စကခ ၅ ကိုတော့ နိုဝင်ဘာ ၂၁ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် တိုက်ပွဲက အတော်လေးကို ပြင်းထန်နေကြတယ်။ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူတွေပေးပြီး ခုခံနေတယ်။ တိုက်ပွဲကတော့ ဒီနေ့လည်း ပြင်းနေတုန်းပဲ။” 

တောင်ကုတ်မြို့သိမ်းတိုက်ပွဲကို အာရက္ခတပ်တော်က အောက်တိုဘာလကုန်ပိုင်းမှာ စတင်ထိုးစစ်ဆင်နေတာဖြစ်ပြီး မြို့အနီးရှိ စစ်ကောင်စီတပ်စွဲနေထိုင်ခဲ့တဲ့ တပ်စခန်းအားလုံးကို သိမ်းပိုက်ထားပြီးလည်းဖြစ်ပါတယ်။

ဒါ့အပြင် မြို့တွင်းမှာ ပိတ်ကျန်ခဲ့တဲ့ မြို့ခံတွေကိုလည်း အာရက္ခတပ်တော်က ကယ်ထုတ်ပေးခဲ့ပြီး ဘေးကင်းလုံခြုံတဲ့ နေရာတွေကို ပို့ဆောင်ပေးနေတာတွေ ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

စကခ ၅ ကို အာရက္ခတပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်တိုက်ခိုက်နေသလို့ ခမရ ၃၄၆၊ ခမရ ၅၄၄ တွေကလည်း လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။

တောင်ကုတ်မြို့နယ်အတွင်းမှာ စစ်ကောင်စီက အရပ်သားကျေးရွာတွေကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့်လည်း အရပ်သားထိခိုက်သေဆုံးမှုတွေ မြင့်တက်လာနေပါတယ်။

တောင်ကုတ်မြို့နယ်မှာ စစ်ကောင်စီရဲ့ စကခ ၅၊ ခမရ ၃၄၆ နဲ့ ခမရ ၅၄၄ တို့ အခြေစိုက်ထားကြတာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီရဲ့ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၃ ခုရှိတဲ့အထဲက စကခ ၉ ကျောက်တော်နဲ့ စကခ ၁၅ ဘူးသီးတောင်တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး လက်ကျန် စကခ ၅ ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။

ရခိုင်တိုက်ပွဲတနှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက်ရရှိထားပြီး လက်ရှိမှာ တောင်ကုတ်၊ အမ်း၊ ဂွနဲ့ မောင်တောမြို့နယ်တို့ကို မြို့သိမ်းတိုက်ပွဲအဖြစ် ဆင်နွှဲနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013