Home
မြန်မာသတင်း
တောင်ကုတ်တွင် စစ်တပ်ဗုံးကြဲမှုကြောင့် နေအိမ်နှင့် ဈေးဆိုင်ခန်းများ မီးလောင်
DVB
·
November 22, 2024

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့ပေါ် သိမ်တောင်ရပ်ကွက်၊ မြို့မဘောလုံးကွင်းနဲ့ အထက်တန်းကျောင်းဘက်ခြမ်းမှာ နိုဝင်ဘာ ၂၁ ရက် နေ့လယ် ၂ နာရီကျော်က စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချခဲ့တာကြောင့် နေအိမ်နဲ့ ဈေးဆိုင်ခန်းတချို့ မီးလောင်နေတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

တောင်ကုတ်ဒေသခံတယောက်က “လေကြောင်းကနေ ဗုံး ၈ လုံးလောက် ကြဲချသွားတာပါ။ အဲဒီနားမှာက တိုက်ပွဲတွေ ပြင်းထန်နေတာပါ။ သိမ်တောင်ဘောလုံးကွင်းနဲ့ ကျောင်းကြီးကြားဘက်အခြမ်းက နေအိမ်တွေနဲ့ ဆိုင်ခန်းတွေ မီးလောင်သွားတာပါ။ ဘယ်နှစ်ဆောင်လောက် မီးလောင်ပျက်စီးသွားလဲတော့ အတိအကျ မသိရသေးပါဘူး” လို့ ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ တောင်ကုတ်မှာ ကျန်ရှိနေတဲ့ ဒေသခံတချို့ကိုလည်း အာရက္ခတပ်တော် (AA) က ဆက်လက်ကယ်ထုတ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၁ ရက်မှာ AA က တောင်ကုတ်မြို့မှာ ကျန်ရှိနေတဲ့ စစ်ကောင်စီရဲ့ စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ ၅ နဲ့ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၃၄၆ တို့ကို ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးနဲ့နီးစပ်သူတွေက ပြောပါတယ်။

ဒါ့ကြောင့် တောင်ကုတ်မြို့မှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုနဲ့ လေကြောင်းက ဗုံးကြဲချမှုတွေကြောင့် ဒေသခံတချို့ ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။

“သင်္ချီကိုင်းကျေးရွာမှာပါ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တာ ၄ ယောက်သေတယ်၊ ၄ ယောက်ကတော့ ပြင်းထန်ဒဏ်ရာရသွားတယ်။ လက်ရှိမှာတော့ ဆေးကုသမှု ခံယူနေကြတယ်။”

နိုဝင်ဘာ ၁၉ ရက်က စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုကြောင့် မဒေစီမြင့် (၁၃ နှစ်)၊ မသန်းသန်းအေး (၁၃ နှစ်)၊ ကိုရင်ဂို (၂၈ နှစ်) နဲ့ မရွှေရည်ဝင်းဝါ (၂၅ နှစ်) တို့ သေဆုံးခဲ့တာပါ။

တောင်ကုတ်မြို့က စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းတွေ အားလုံးကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားပြီး စစ်ဆင်ကွပ်ကဲရေးဌာနချုပ် စကခ ၅ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ ၅၄၄ နဲ့ ခမရ ၃၄၆ တို့ပဲ ကျန်ရှိတော့တာပါ။

ကေခိုင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013