တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီ တပ်သားတယောက် လက်နက်နဲ့တကွ ဘက်ပြောင်းခိုလှုံလာတယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
ဘက်ပြောင်းလာတဲ့ တပ်သားဟာ ကိုကျော်သက်ဦး (ကိုယ်ပိုင်အမှတ်- ပစ/၁၀၇၀၄၅၊ ခလရ ၂၆၇) ဖြစ်ပြီး နိုဝင်ဘာ ၂ ရက်က ကျော်နီမော်ကျေးရွာ (မိုက်ခရိုဝေ့ဖ်) စခန်းကနေ ထွက်ပြေးလာပြီး ဘက်ပြောင်းလာတာဖြစ်ပါတယ်။
ကိုကျော်သက်ဦးဟာ အပတ်စဥ် ၂ ပလောမှာ သင်တန်း ၃ လ တက်ပြီးနောက် ထားဝယ်မြို့နယ်က ခလရ ၂၆၇ တပ်ကို ပို့ဆောင်ခံရပါတယ်၊ အဲဒီနောက် ကျော်နီမော်ဘက်မှာ တာဝန်ထမ်းဆောင်ခဲ့တာ ၆ လလောက်ရှိပြီလို့ သိရကြောင်း နွေဦးပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က ပြောပါတယ်။
“တပ်သားသစ်စုဆောင်းခံရခြင်း အကြောင်းအရင်းက သူ့နေရပ်က အုပ်ချုပ်ရေးမှူးနဲ့ အဆင်မပြေလို့ အုပ်ချုပ်ရေးရုံးကိုခေါ်ပြီး တပ်သားသစ် စုဆောင်းရာမှာ ထည့်ပေးလိုက်တယ်လို့ သိရပါတယ်။”
သူဟာ အလိုမတူဘဲ တပ်သားသစ် စုဆောင်းခံရတာကြောင့် ထွက်ပြေးဖို့ ရည်ရွယ်ပြီး တော်လှန်ရေးတပ်ဖွဲ့နဲ့ အဆက်အသွယ်ရပြီးနောက် ထွက်ပြေးလာတာဖြစ်တယ်လို့ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောပါတယ်။
“ကျနော်တို့ ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တုန်းက ပြည်သူ့ရင်ခွင်ခိုလှုံဖို့ စာရွက်တွေနဲ့ ဖုန်းနံပါတ်တွေ တွဲပြီး ချခဲ့တာမျိုး ရှိခဲ့ဖူးပါတယ်။ သူကလည်း အခွင့်အရေးရရင် ထွက်ချင်နေတဲ့သူလို့ သိရပါတယ်။”
ထွက်ပြေးလာစဥ်က သူနဲ့အတူ MA1 ၂ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ ကျည် ၂၄၆ တောင့် ယူဆောင်လာခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်နက်နဲ့တကွ ထွက်ပြေးလာတဲ့ ကိုကျော်သက်ဦးကို နွေဦးပြောက်ကျားတပ်ဖွဲ့က ကျပ်ငွေ သိန်း ၈၀ ကို ဂုဏ်ပြုချီးမြှင့်ကာ ဘေးကင်းရာကို စီစဥ်ပို့ဆောင်ပေးခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။
အခုနှစ် ဇူလိုင် ၁၀ ရက်ကလည်း နွေဦးပြောက်ကျားတပ်ဖွဲ့ထံကို လောင်းလုံးမြို့နယ်က ပြည်သူ့စစ်တယောက် လက်နက်နဲ့တကွ ဘက်ပြောင်းလာခဲ့တယ်လို့ သိရပါတယ်။