Home
မြန်မာသတင်း
ပခုက္ကူက စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်
DVB
·
November 2, 2024
Photo-southern YSO PDF

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်က စစ်ကောင်စီဂိတ်စခန်းတွေမှာတာဝန်ကျတဲ့ စစ်ကောင်စီတပ်သား ၂ ယောက်ဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ Southern YSO PDF က နိုဝင်ဘာ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ်။

Southern YSO PDF ရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “ပခုက္ကူမြို့ပေါ် စကစဂိတ်မှာ တာဝန်ကျသူ ၁ ယောက်နဲ့ ရွာဘက်ကစကစအထိုင်စခန်းမှာ တာဝန်ကျတဲ့သူ ၁ ယောက် တို့ဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးက စစ်တပ်ကတပ်သားအဆင့်တွေပါ” လို့ ပြောပါတယ်။

အလင်းဝင်ရောက်လာကြတဲ့စစ်ကောင်စီတပ်သားတွေဟာ ပခုက္ကူအခြေစိုက် ခလရ ၂၅၉ တပ်ကနေ ပခုက္ကူစက်မှုဇုန် စစ်ဆေးရေးဂိတ်မှာတာဝန်ကျနေတဲ့ တပ်သား ပြည့်ဖြိုးအောင် နဲ့ စလင်းမြို့အခြေစိုက် ခလရ ၂၅၅ တပ်ကနေ ပခုက္ကူမြို့နယ်၊ မြောက်လူးကန် စစ်ကောင်စီအထိုင်စခန်းမှာ တာဝန်ကျနေတဲ့ တပ်သား ကောင်းမင်းခန့် တို့ဖြစ်ကြပြီး သူတို့ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့မှာ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့ဟာ MA 1 သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ခု၊ ကျည်အတောင့် ၁၂၀ တို့နဲ့အတူ အလင်းဝင်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။

Southern YSO PDF ရဲ့ တာဝန်ခံတယောက်က “သူတို့တွေအတွက် စီမံဆောင်ရွက်စရာတွေ ပြုလုပ်နေရတဲ့အတွက် သတင်းထုတ်ပြန်ပေးဖို့ နှောင့်နှေးခဲ့တာပါ။ အခုတော့ သူတို့ ၂ ယောက်ကို ဆုကြေးငွေ သိန်း ၄၀ စီ ပေးအပ်ခဲ့ပြီးပါပြီ။ စစ်အာဏာရှင်လက်အောက်မှာ တာဝန်ထမ်းဆောင်နေကြတဲ့ ညီအကိုတွေအနေနဲ့လည်း အာဏာရှင်မျိုးဆက် အာဏာရှင်ခိုင်းဖတ် အဖြစ်မခံကြဘဲ ရုန်းထွက်ခဲ့ပြီး ပြည်သူ့ရင်ခွင်ကို အမြန်ဆုံးခိုလှုံကြဖို့ တောင်းဆိုဖိတ်ခေါ်ပါတယ်။ အလင်းဝင်လာကြသူတွေကိုလည်း ကျနော်တို့အဖွဲ့တွေက နွေးနွေးထွေးထွေး ကြိုဆိုသွားမှာပါ” လို့ DVB ကို ပြောပါတယ်။

Southern YSO PDF ဟာ သီးခြားရပ်တည်တဲ့အဖွဲ့အစည်းတခုဖြစ်ပြီး ဘယ်အဖွဲ့အစည်းကမှ လက်နက်ခဲယမ်းထောက်ပံ့တာမရှိတဲ့အတွက် စစ်ဆင်ရေးတွေဖော်ဆောင်ဖို့ လက်နက်ခဲယမ်းတွေ လိုအပ်နေတယ်လို့လည်း သူကဆက်ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း Southern YSO PDF ဆီကို အလင်းဝင်ရောက်လာကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများရှိနေပြီဖြစ်ကာ တချို့ကို သူတို့နေထိုင်လိုတဲ့ နေရာဒေသတွေဆီ ပို့ဆောင်ပေးထားခဲ့သလို အလင်းဝင်ရောက်လာသူတွေထဲကနေ အာဏာရှင်တော်လှန်ရေး လုပ်ငန်းစဉ်တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်နေကြသူတွေလည်း ရှိနေတယ်လို့ Southern YSO PDF ဆီကနေ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013