စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ယောက်ဟာ လက်နက်မပါဘဲ အလင်းဝင်ရောက်လာခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းစစ်ဌာနက နိုဝင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။
ရန်ကုန်တိုင်းစစ်ဌာနရဲ့ ပြန်ကြားရေးတာဝန်ခံတယောက်က “စစ်တပ်လက်အောက်ခံ သံချပ်ကာပြင်ဆင်ရေး ပင်မအလုပ်ရုံက တယောက်နဲ့ ရေတပ်က တယောက်ပါ။ ကျနော်တို့ ရန်ကုန်တိုင်းစစ်ဌာနအောက်က တပ်ရင်း ၅၁၀၁ နဲ့ ၅၁၀၂ တပ်ရင်းတွေဆီကို အလင်းဝင်လာကြတာပါ” လို့ ပြောပါတယ်။
အလင်းဝင်ရောက်လာကြသူတွေဟာ စစ်ကောင်စီတပ်လက်အောက်ခံ သံချပ်ကာပြင်ဆင်ရေး ပင်မအလုပ်ရုံက တပ်ကြပ်ကြီး အောင်မင်းဇင်နဲ့ ရေတပ်က တပ်ကြပ် နိုင်မင်းဇော် တို့ဖြစ်ပြီး လက်နက်မပါဘဲ အလင်းဝင်ရောက်လာခဲ့ကြတာလို့ ဆိုပါတယ်။
ရန်ကုန်တိုင်းစစ်ဌာန တာဝန်ခံက “သူတို့ ၂ ယောက်စလုံး လက်နက်တွေ မပါကြပါဘူး။ ကျနော်တို့ဘက်က စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ စိစစ်လက်ခံပြီးတော့ ဂုဏ်ပြုဆုငွေတွေ ချီးမြှင့်ပေးထားပါတယ်။ စစ်တပ်ဘက်ကနေ အလင်းဝင်ရောက်လာတဲ့ ဘယ်သူ့ကိုပဲဖြစ်ဖြစ် လူ့အခွင့်အရေး အပြည့်အဝ ရစေဖို့ကိုလည်း တာဝန်ယူပါတယ်။ လက်နက်နဲ့ အလင်းဝင်လာတဲ့သူတွေကိုလည်း သတ်မှတ်ထားတဲ့ ဆုကြေးငွေတွေ ထပ်ပြီး ချီးမြှင့်ပေးသွားမှာပါ” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာ စစ်ကောင်စီ တပ်မ ၄၄ လက်အောက်က ခမရ ၂ က တပ်သား ၂ ယောက်နဲ့ စက်တင်ဘာလထဲမှာ စစ်ကောင်စီရေတပ်က တပ်ကြပ်တယောက်တို့ ရန်ကုန်တိုင်းစစ်ဌာနဆီကို အလင်းဝင်ရောက်ခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
ပဲခူးတိုင်းအတွင်းမှာလည်း စစ်ကောင်စီတပ်က ပါရဂူ သမားတော် ဗိုလ်မှူးတယောက်ကို ပြီးခဲ့တဲ့ အောက်တိုဘာ ၃၁ ရက်မှာ သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ အရှင်ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနဆီကနေ သိရပါတယ်။