မကွေးတိုင်း၊ ထီးလင်းမြို့ပေါ် ရွှေထီးခန်းမမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်တယောက်ဟာ နိုဝင်ဘာ ၁၀ ရက်နေ့ ညမှာ ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ခတ်ပြီး အဆုံးစီရင်သွားတယ်လို့ သိရပါတယ်။
ရွှေထီးခန်းမနဲ့နီးစပ်သူတယောက်က “မြို့ပေါ်က ရွှေထီးခန်းမမှာ တပ်စွဲနေတဲ့ကောင်တွေထဲက တပ်ကြပ်ကြီးတယောက်က သူ့ကိုယ်သူပြန်ပစ်ပြီး သတ်သေသွားတာ။ သူတို့တပ်ထဲမှာ ဖိနှိပ်မှုတွေ များနေတယ်လို့ သိရတယ်” လို့ ပြောပါတယ်။
အရပ်သားအစိုးရဆီကနေ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်ပိုင်း ထီးလင်းမြို့ပေါ်က ရွှေထီးခန်းမ အပါအ၀င် မြို့နယ်ထွေအုပ်ရုံးနဲ့ တရားရုံးတွေမှာ စစ်ကောင်စီ တပ်ဖွဲ့၀င်တွေအပါမ၀င် ပျူစောထီးအဖွဲ့၀င်တွေ အထိုင်ချတပ်စွဲနေကြကာ ပတ်၀န်းကျင်ကျေးရွာတွေကို လက်နက်ကြီးတွေ ပစ်ခတ်တာတွေအပြင် စစ်ကြောင်းထိုးတာတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။
“အဲဒီထဲမှာ တပ်စွဲနေတဲ့ စစ်သားတွေနဲ့ပျူစောထီးတွေ မူးယစ်ဆေးဝါး သုံးကြတယ်လို့လည်း ကြားထားတယ်။ ညတိုင်းလောက်နီးပါးတော့ မူးပြီးရမ်းတာတွေ ရှိတယ်။ သူတို့မူးပြီဆိုရင် ပတ်၀န်းကျင်ကရွာတွေကို လက်နက်ကြီးတွေနဲ့ပစ်တာတွေလုပ်ကြတယ်” လို့ ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာ၀န်ခံတယောက်က DVB ကို ပြောပါတယ်။
အဆိုပါစစ်ကောင်စီတပ်သားတွေဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၆ ရက်ကလည်း ကျားခဲကျေးရွာကို စီးနင်းဝင်ရောက်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးကာ ရွာခံအမျိုးသား ၄ ယောက်ကိုလည်း မီးရှို့သတ်ဖြတ်သွားခဲ့ကြသေးတယ်လို့ ဆိုပါတယ်။
အဆိုပါ ရွှေထီးခန်းမမှာ တပ်စွဲနေတဲ့ ပျူစောထီးအဖွဲ့၀င်တယောက်ဟာ သေနတ် ၃ လက်နဲ့အတူ ခဲယမ်းတွေ ယူဆောင်ကာ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၀ ရက်က Yaw National Revolution Force-YNRF (ဂန့်ဂေါခရိုင်အမှတ် ၁၈ တပ်ရင်း) ဆီကိုအလင်းဝင်ရောက်ခဲ့ပါသေးတယ်။