ကချင်ပြည်နယ်၊ အထူးဒေသ ၁၊ ချီဖွေမြို့နယ်၊ ကန်းဖန့်ကျေးရွာအုပ်စု၊ ကန်းဖန့်ရွာက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေ နိုဝင်ဘာ ၄ ရက် ညနေပိုင်းက ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ထံ လက်နက်ချ ပူးပေါင်းခဲ့ကြတယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
KIA အရာရှိတယောက်က “ချီဖွေ၊ လောခေါင်၊ ကန်းဖန့်က နယ်ခြားစောင့်တပ် (ပြည်သူ့စစ်) တပ်ဖွဲ့ဝင်တွေ ပူးပေါင်းလာလို့ ကျနော်တို့ ကောင်းကောင်းမွန်မွန် ပြန်ကြိုဆိုလိုက်တယ်။ စိတ်သဘောထား တညီတညွတ်တည်း ကျနော်တို့ဆီ ပူးပေါင်းသွားတာ။ အင်အား ၆၀ နဲ့အထက်ရှိမယ်” လို့ ပြောပါတယ်။
ပြည်သူ့စစ်ဘက်က သေနတ် အလက် ၁၀၀ ကျော် အပ်နှံခဲ့တယ်လို့ KIA ရှေ့တန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“လက်နက်တချို့ နယ်စပ် ငေါ့ချန်းခချောင်းမှ ရေငုပ်ဆယ်ယူရရှိပါတယ်။"
ကန်းဖန့်ကို သေနတ်တချက်တောင် မဖောက်ရဘဲ KIA နဲ့ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဒေသခံပြည်သူတွေက ဝမ်းပန်းတသာ ကြိုဆိုကြတယ်လို့ သိရပါတယ်။
တရုတ်-မြန်မာ နယ်စပ်၊ ဖီမောနယ်စပ်ရွာနဲ့ စစ်ကောင်စီရဲ့ နယ်စပ်ဂိတ်စခန်းတချို့ကိုလည်း နိုဝင်ဘာ ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ KIA နဲ့ ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ခဲ့ပါတယ်။
လက်ရှိမှာတော့ ကချင်အထူးဒေသ ၁ ရှိ ဦးဇခုန်တိန့်ယိမ်း ဦးဆောင်တဲ့ နယ်ခြားစောင့်တပ် အမှတ် ၁၀၀၁၊ ၁၀၀၂၊ ၁၀၀၃ တပ်ရင်းဌာနချုပ်တွေကို KIA နဲ့ ပူးပေါင်း တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ရရှိထားသလို ကချင်အထူးဒေသ ၁ ရဲ့ မြို့ကြီးတွေဖြစ်တဲ့ ပန်ဝါ၊ ဆော့လော်၊ ချီဖွေမြို့နဲ့ ပန်ဝါ၊ ဖီမော တရုတ်နယ်စပ်ဂိတ်တွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီ ဖြစ်ပါတယ်။
Pra Jaw