ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ထိန်းသိမ်းထားတဲ့ သတင်းထောက် ၂ ယောက် ဒီနေ့ အောက်တိုဘာ ၂၇ ရက်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက် ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
ထိန်းသိမ်းခံခဲ့ရတဲ့ သတင်းထောက် ၂ ယောက်ကို တလလောက်အကြာမှာ ပြန်လွှတ်လိုက်တာဖြစ်ကြောင်းနဲ့ နေကောင်းကျန်းမာစွာနဲ့ ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒီနေ့အောက်တို ဘာလ ၂၇ ရက် နေ့လယ်ပိုင်းမှာ ကိုနောင်ရိုးက သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။
“ကျနော်နဲ့ ကိုတာလင်းမောင် နေကောင်း၊ ကျန်းမာစွာနဲ့ ပြန်လည် လွတ်မြောက်ခဲ့ပါပြီ၊ ကူညီစောင့်ရှောက်ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျာ” လို့ ရေးသားဖော်ပြထားသလို My Day မှာလည်း သူတို့ ၂ ယောက်ပုံကို ဖော်ပြထားပါတယ်။
ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စက်တင်ဘာလအတွင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအပေါ် ဝေဖန်မှုနဲ့ KIA က ထိန်းသိမ်းခဲ့တဲ့ ကိုတာလင်းမောင်နဲ့ ကိုနောင်ရိုးတို့ကို ချက်ချင်းပြန်လွှတ်ပေးဖို့ သတင်းသမားများကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (CPJ) က အောက်တိုဘာ ၂၂ ရက်မှာ ထုတ်ပြန်ခဲ့သလို Red News Agency နဲ့ သတင်းအဖွဲ့အစည်းတချို့ရဲ့ တောင်းဆိုမှုကြောင့် အခုလို ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။
Photo - Naung Yoe(Facebook)