Home
မြန်မာသတင်း
ကရင်နီဒေသတွင် လွတ်လပ်စွာ သတင်းရယူခွင့် ပိုမိုရရှိလာတော့မလား
DVB
·
October 25, 2024
ကရင်နီစစ်မြေပြင်တွင် သတင်းယူနေသည့် စစ်မြေပြင်သတင်းထောက်များ။

ကရင်နီ(ကယား)ပြည်နယ်ထဲမှာ  သတင်းလွတ်လပ်ခွင့်နဲ့  သတင်းသမားတွေရဲ့ သတင်းရယူပိုင်ခွင့်တွေ ပိုကောင်းလာဖို့ရှိတယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) က DVB ကို ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ကရင်နီ ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) နဲ့  လွတ်လပ်သော သတင်းမီဒီယာကောင်စီ (IPCM) တို့ သတင်းမီဒီယာမူဝါဒဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ လွတ်လပ်စွာ သတင်းရယူရေးဆိုင်ရာ ကိစ္စရပ်တွေကို တွေ့ဆုံဆွေးနွေးပြီးနောက်မှာ အခုလိုပြောတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဧပြီလထဲမှာ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) က ထုတ်ပြန်ခဲ့တဲ့ မီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်နဲ့ ထွက်လာပြီးတဲ့နောက်မှာ ကရင်နီဒေသထဲ မီဒီယာတွေ သတင်းရယူခွင့်နဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိခဲ့တာပါ။ IEC ကတော့ သတင်းသမားတွေအပေါ် သတင်းရယူပိုင်ခွင့်ကို ဘယ်တုန်းကမှ ကန့်သတ်ခဲ့တာ မရှိခဲ့သလို ဆက်ပြီးလည်း ပိုကောင်းလာဖို့ ရှိတယ်လို့ IEC ရဲ့ အတွင်းရေးမှူး ၁ မဇူးပဒုမ္မာက DVB ကို ပြောပါတယ်။

“ကျမတို့က မီဒီယာလွတ်လပ်ခွင့်ကို တန်ဖိုးထားပါတယ်။ သတင်းရယူပိုင်ခွင့်တွေကို ကျမတို့ ကန့်သတ်လုပ်ဆောင်တာမျိုးတွေက မရှိခဲ့ဘူးပေါ့နော်။ ကျမနားလည်သလောက် တောက်လျှောက် IEC အနေနဲ့ အဲဒီလိုကန့်သတ်တာ မရှိသလို အခုချိန်ထိလည်း မရှိသေးဘူးပေါ့နော်။ ဒါပေမဲ့ ထုတ်ပြန်ချက်အပေါ်မှာ မူတည်ပြီးတော့ ကျမတို့ အရေးအသား ဆိုလိုတဲ့အဓိပ္ပာယ်က ဒွိဟဖြစ်စေတဲ့ အနေအထားတခုမှာ အားလုံးထင်မြင်ယူဆမှုတွေ လွဲကုန်တာလို့ ထင်ပါတယ်။ ဒီလိုမျိုး အရင်ကလည်း မရှိခဲ့တဲ့အတွက် နောက်ပိုင်းမှာလည်း သတင်းယူခွင့်နဲ့ သတင်းထုတ်လုပ်ပိုင်ခွင့်တွေ၊ သွားလာပိုင်ခွင့်တွေ၊ လွတ်လပ်စွာ သတင်းရယူပိုင်ခွင့်တွေကတော့ ပိုပြီးအလားအလာရှိနိုင်မလားဆိုရင် အရင်ကတည်းက ကျမတို့က ကန့်သတ်တာမရှိတာဆိုတော့ ပိုပြီးကောင်းလာပို့ပဲ ရှိတာ သေချာပါတယ်။”

ဒါပေမဲ့ မြေပြင်မှာ သတင်းရယူနေတဲ့ နေရာမှာတော့ အခက်အခဲတွေ ရှိနေတဲ့အကြောင်းကို ကရင်နီနယ်မြေထဲ သတင်းတင်ဆက်နေတဲ့ ဖက်ဒရယ် FM က သတင်းထောက် မော်ဗျားမိုးက ပြောပါတယ်။

“IEC အနေနဲ့ နောက်ပိုင်းမှာ သတင်းရယူခွင့်တွေ၊ သတင်းလွတ်လပ်ခွင့်တွေ ပိုရရှိလာအောင်လို့ ကြိုးစားဆောင်ရွက်ပေးမယ်လို့ ပြောတဲ့အပေါ် ကျမအနေနဲ့ကတော့ လက်တွေ့မှာ အမြန်ဆုံး အကောင်အထည်ဖော်ပေးစေချင်ပါတယ်။ ကရင်နီဒေသထဲမှာ မြေပြင်မှာဆို ကျမတို့ သတင်းယူတဲ့အခါ အခက်အခဲတွေ ကြုံတွေ့ခဲ့ရတာတွေ ရှိပါတယ်။ တိုက်ပွဲသတင်းတွေမှာ ဆိုရင်လည်း သတင်းအချက်အလက်တွေ ကျမတို့ ရထားတယ်၊ ပုံတွေလည်း ရထားတယ် ဆိုပေမဲ့ သတင်းမထုတ်ပြန်လိုက်ရတဲ့ အခြေအတွေလည်း ရှိတယ်။”

ဒါ့အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာအဖွဲ့အစည်းနဲ့ သက်ဆိုင်သူတွေကိုပဲ တာဝန်ယူ ဆောင်ရွက်ပေးတာမျိုး မဟုတ်ဘဲ မြေပြင်မှာ သတင်းရယူနေတဲ့ သတင်းသမားတိုင်းကို လုပ်ဆောင်ပေးသင့်တယ်လို့ သတင်းထောက် တယောက်က ပြောပါတယ်။

“IEC က အခုလိုမျိုး သတင်းလွတ်လပ်ခွင့်တွေ  ပိုလုပ်ပေးမယ်လို့ပြောတာ ကောင်းတယ်ပေါ့။ ကျမအနေနဲ့ ကြိုဆိုတယ်၊ လက်ခံတယ်။ ဒါပေမဲ့ သတင်းလွတ်လပ်ခွင့်ဆိုတာ တယောက်ယောက်ကပေးမှ မဟုတ်ဘူးပေါ့၊ သတင်းသမားတွေရဲ့ ကိုယ်တိုင် လွတ်လပ်ခွင့် ရှိရမယ့်ဟာမျိုးပေါ့။ တခုခုအကြောင်းကိစ္စတွေပေါ်လာရင် IPCM ရဲ့ အဖွဲ့ဝင်မဟုတ်တဲ့ တခြားသတင်းသမားတွေကိုရော IEC က ကိုယ်တွယ်ဖြေရှင်းပေးမှာလား။ IEC အနေနဲ့လည်း IPCM လို အဖွဲ့တခုနဲ့ပဲ ကတိပေးတာမျိုး မဟုတ်ဘဲနဲ့ သတင်းသမားအားလုံးကို လွတ်လပ်ခွင့်ပေးတယ် ဆိုရင်တော့ ပိုပြီးကောင်းတာပေါ့။”

IPCM အနေနဲ့က အဖွဲ့အစည်းနှစ်ခုလုံးရဲ့ အခက်အခဲတွေ လုံခြုံရေးကိစ္စတွေကို အဓိထား ဆွေးနွေးခဲ့ပြီး ရလဒ်ကောင်းတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ ကရင်နီဒေသထဲ မြေပြင်မှာ သတင်းရယူနေတဲ့ ဘယ်လိုသတင်းသမားမျိုးကိုမဆို ကူညီဆောင်ရွက်ပေးသွားမယ်လို့ IPCM အတွင်းရေးမှူး ဦးတိုးဇော်လတ်က DVB ကို ပြောပါတယ်။

“အခုတော့ နှစ်ဦးနှစ်ဖက် စိုးရိမ်ချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါတယ်။ စစ်ရေး လုံခြုံရေး ကိစ္စတွေကိုလည်း ကျနော်တို့ တိုင်ပင်ခဲ့ပါတယ်။ အဲဒီလိုပဲ ကျနော်တို့တွေ သတင်းသမားတွေဘက်က သတင်းရယူခွင့်နဲ့ လုံခြုံရေးကို ဆွေးနွေးတိုင်ပင်ခဲ့တော့ အခုတော့ နားလည်မှုရပါတယ်။ မီဒီယာနဲ့ အငြင်းပွားမှု တစုံတရာဖြစ်ခဲ့ရင် ကျနော်တို့ ပူးပေါင်းပြီး ဘယ်လိုဖြေရှင်းကြမလဲ ဆိုတဲ့အပေါ်မှာလည်း သဘောတူညီမှု ရခဲ့ပါတယ်။ CJ ပဲဖြစ်ဖြစ် အလွတ်တမ်းပဲဖြစ်ဖြစ် သွားမယ်၊ သတ်မှတ်ထားတဲ့ မြေပြင်စည်းကမ်းချက်တွေကိုလည်း လိုက်နာမယ်ဆိုရင် လွတ်လပ်စွာ သတင်းယူခွင့်ပေးပါမယ် ဆိုပြီး ညှိထားပါတယ်။ ကျနော်တို့ ဆိုလိုတာကတော့ IPCM အဖွဲ့ဝင်မှ မဟုတ်ပါဘူး၊ မီဒီယာလုပ်ငန်းလုပ်တဲ့သူတွေ အကုန်လုံးအတွက် သေချာညှိနှိုင်းပြီးတော့ ပြောဆိုပေးခဲ့တာပါ။”

မြေပြင်မှာ အရေးကိစ္စတခုခုရှိလာခဲ့ရင် IPCM ရဲ့ အဖွဲ့ဝင် ဖြစ်ခဲ့မယ်ဆိုရင်တော့ အချက်အလက်တွေကို အလျင်အမြန် ထောက်ပံ့ပေးနိုင်မှာဖြစ်ပြီး တကယ်လို့ အဖွဲ့ဝင် မဟုတ်ခဲ့ရင်လည်း ကူညီဆောင်ရွက်ပေးသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။ 

IPCM အနေနဲ့က တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ လွတ်လပ်စွာ သတင်းရယူခွင့်နဲ့ ပတ်သက်လို့ ဆွေးနွေးနေခဲ့တာမှာ KNU၊  TNLA အပြင် အခု IEC နဲ့က တတိယမြောက်ဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန (NUG-MOD) နယ်မြေတွေမှာလည်း လွတ်လပ်စွာ သတင်းရယူခွင့်ကို တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့လည်း သိရပါတယ်။

ဝေဝေ

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024