တရုတ်ဘက်က KIA ကိုတိုက်ပွဲတွေရပ်တန့်ဖို့ ဖိအားပေးချင်တာကြောင့် ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကို ပိတ်ထားလိုက်တာဖြစ်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ပြောပါတယ်။
ကချင်ပြည်နယ်ထဲက တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို အောက်တိုဘာ ၁၈ ရက်နေ့က စပြီး တရုတ်နိင်ငံဘက်က စတင်ပိတ်သိမ်းထားတာ တပတ်ဝန်းကျင်ရှိလာပြီ ဖြစ်ပါတယ်။
အောက်တိုဘာ ၁၇ ရက်က တရုတ်နိုင်ငံ ရင်ကျန်းမြို့မှာ KIO/KIA တာဝန်ရှိသူတွေနဲ့ တရုတ်အစိုးရဘက်က နှစ်ဖက်တွေ့ဆုံမှု ပြုလုပ်ခဲ့ပြီးနောက် နယ်စပ်ဂိတ်တွေကို ရုတ်တရက် ပိတ်လိုက်တာပါ။
ဒီတွေ့ဆုံပွဲမှာ တရုတ်ဘက်က KIO/KIAကို စစ်ဆင်ရေးတွေ ရပ်ဆိုင်းပေးဖို့ ပြောဆိုခဲ့ပေမဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က စစ်ကောင်စီနဲ့ သက်ဆိုင်တဲ့ တပ်စခန်းတွေကို ဆက်လက်ထိုးစစ်ဆင် သိမ်းပိုက်နေတာကြောင့် တရုတ်ဘက်က နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာ လို့ နိုင်ငံရေးစစ်ရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော်က သုံးသပ်ပြောပါတယ်။
ဒီလို နယ်စပ်ဂိတ်တွေ ပိတ်လိုက်တာဟာ KIO/KIA အတွက်သာမက နှစ်ဖက်စလုံးအတွက် ဆိုးကျိုးတွေရှိနေပေမဲ့ KIO/KIA အတွက်ကတော့ နယ်စပ်ကုန်သွယ်ရေးနဲ့ ပတ်သက်ပြီး တခြားရွေးချယ်မှုတွေ ရှိတယ်လို့ ဆိုပါတယ်။
ကချင်ပြည်နယ်ထဲက ဗန်းမော်ခရိုင်ထဲမှာလည်း စစ်ကောင်စီဘက်က လာရောက်လုပ်ကိုင်နေတဲ့ မြေရှားတူးဖော်ရေးလုပ်ငန်းတွေလည်း အများအပြားရှိနေပြီးတော့ ရေရှည်ပိတ်ထားလို့ အဆင်မပြေတဲ့ အခြေအနေမှာ ရှိနေပြီး တရုတ်နိုင်ငံအနေနဲ့လည်း တိုင်းရင်းသား လက်နက်ကိုင်တွေကို စားပွဲဝိုင်းပေါ်ရောက်အောက် တွန်းပို့နေတဲ့ ကာလဖြစ်တယ်လို့ ဒေါက်တာလှကျော်ဇောက ဆက်ပြောပါတယ်။
တရုတ်နိုင်ငံအနေနဲ့လည်း တရုတ်-မြန်မာ နယ်စပ်မှာအခြေစိုက်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေကို တခြားနည်းလမ်းတွေနဲ့ ပိုပြီး ဖိအားမပေးနိုင်ဘူးလို့ ဆိုပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်က ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဒေသတွေမှာ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ အများအပြားရှိနေပြီး မြေရှားတူးဖော်တဲ့လုပ်ငန်းတွေမှာ အသုံးပြုတဲ့ ဓာတုပစ္စည်းတွေနဲ့ စက်သုံးဆီတွေက နယ်စပ်ဂိတ်တွေကနေ ဝင်ရောက်လာတာ ဖြစ်ပါတယ်။
လက်ရှိ နယ်စပ်ဂိတ်ပိတ်ထားတာကြောင့် မြေရှားတူးဖော်မှုအတွက် လိုအပ်တဲ့ ကုန်ပစ္စည်း ဝင်ရောက်မှုမရှိတာကြောင့် လုပ်ငန်းတွေလည်း ရပ်နားထားရတယ်လို့ ဗန်းမော်ခရိုင်ထဲ မြေရှားတူးဖော်နေတဲ့ အလုပ်သမားတွေကနေ သိရပါတယ်။
ဒါ့အပြင် တရုတ်နယ်စပ်ဂိတ်တွေ ပိတ်နေတာကြောင့် တရုတ်ပြည်ဘက်က သွင်းတဲ့ အသီးအနှံတွေနဲ့ လူသုံးကုန်ပစ္စည်းတချို့လည်း ပြတ်တောက်နေသလို ကုန်းဈေးနှုန်း မြင့်မားတာလည်း ရင်ဆိုင်နေရတယ်လို့ မိုင်ဂျာယန်ကတက္ကသိုလ်ကျောင်း သားတယောက်က ပြောပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော်ထိန်းချုပ်ဒေသထဲက နယ်စပ်ဂိတ်တွေဖြစ်တဲ့ လိုင်ဇာ၊ မိုင်ဂျာယန်၊ လွတ်ဂျယ်နဲ့ မန်ဝိန်းကြီးဂိတ်တွေမှာ တရုတ်ပြည်ဘက်က ကုန်းပစ္စည်းဝင်ရောက်မှုကို လုံးဝ ပိတ်ထားတာဖြစ်ပြီး မြန်မာဘက်အခြမ်းက ကုန်ပစ္စည်းတွေကိုတော့ တရုတ်ပြည်ကို ဝင်ခွင့်ပြုတာတာ တွေ့ရတယ်လို့ လွတ်ဂျယ်မြို့က ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒါ့အပြင် တရုတ်-မြန်မာနယ်စပ် ကချင်အထူးဒေသ ၁ ပန်ဝါမြို့ကို KIA သိမ်းပိုက်လိုက်သလို နယ်စပ်ဂိတ်ကိုလည်း ပိတ်ထားတာကြောင့် ပန်ဝါဒေသက လုပ်ငန်းပေါင်း ၃၀၀ နီးပါးရှိတဲ့ မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်း အားလုံးနီးပါး ရပ်နားလိုက်ရပါတယ်။
ဟန်န