Home
မြန်မာသတင်း
တရုတ်က နယ်စပ်ဂိတ်များ ပိတ်လိုက်ဖြင့် ဒေါ်လာဈေး ၄၈၀၀ ကျပ် အထိ ခုန်တက်
DVB
·
October 25, 2024

တရုတ်က နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့သတင်းတွေ ထွက်ပေါ်လာပြီးနောက် ဒေါ်လာဈေးဟာ အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းမှာ တဒေါ်လာ ၄၆၀၀-၄၇၀၀ ကျပ် ရှိခဲ့ပေမဲ့ ညပိုင်းမှာတော့ တဒေါ်လာကို ၄၇၀၀-၄၈၀၀အထိ ခုန်တက်လာပါတယ်။

အောက်တိုဘာ ၂၂ ရက်နေ့ကစပြီး တရုတ်နိုင်ငံဟာ မိုင်းလား-တာလော့ နယ်စပ်ဂိတ်တွေမှာ လျှပ်စစ်ပစ္စည်း၊ ဆောက်လုပ်ရေးသုံးပစ္စည်းတွေ အပါအဝင် သွင်းကုန်ပစ္စည်းတွေတင်သွင်းတာကို ပိတ်လိုက်တယ်လို့ သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။

အဲဒီလိုသတင်းတွေ ထွက်ပေါ်အပြီးမှာ ဩဂုတ်လနှောင်းပိုင်း၊ စက်တင်ဘာလ ဆန်းပိုင်းကတည်းက တဖြည်းဖြည်းကျလာတဲ့ ဒေါ်လာဈေးဟာ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဒေါ်လာ သန်းပေါင်းများစွာ ထုတ်ရောင်းနေတဲ့ကြားက အခုရက်ပိုင်းမှာ ပြန်ပြီး တက်ရိပ်ပြလာခဲ့တာပါ။

ဒီကနေ ညနေပိုင်းမှာတော့ နာရီပိုင်းအတွင်းကို တဒေါ်လာ ကျပ် ၂၀၀ ဝန်းကျင် ခုန်တက်လာခဲ့ပါတယ်။

အဲဒီလို ဈေးခုန်တက်လာချိန် အောက်တိုဘာ ၂၄ ရက် ညပိုင်းမှာ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး နယ်စပ်ဂိတ်တွေပိတ်လို့ ဒေါ်လာရှားပြီး ရွှေဈေးတက်မယ်ဆိုတဲ့ ကောလာဟလတွေ မယုံကြည်ကြဖို့ တိုက်တွန်းထားပါတယ်။

“တရုတ်ပြည်နယ်စပ်ဂိတ်များ ပိတ်ခြင်းကိုအကြောင်းပြုပြီး ဒေါ်လာဈေးကစားမှုများ ပြုလုပ်လျက်ရှိပါသည်။ ဒေါ်လာဈေးကို ယနေ့ (၄၇၅၀) အထိ ဆွဲတင်ပြီး ရွှေဈေးကို မြှင့်တင်လျက်ရှိပါသည်။ တချို့သော Online ကွန်ရက်များမှလည်း ဒေါ်လာဈေး မတက်လျှင် ရွှေဈေး သိန်း ၈၀၊ ဒေါ်လာဈေး တက်လျှင် ရွှေဈေး သိန်း ၁ဝဝ ဖြစ်မည်ဆိုသော ကောလာဟလသတင်းများကို လွှင့်ထုတ်ပြီး ရွှေဈေးအား ဆွဲတင်လျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ကောလာဟလသတင်းများကို ယုံကြည်ပြီး အရောင်းအဝယ် မပြုလုပ်ကြပါရန်နှင့် ရွှေဈေးအား ထိန်းထိန်းသိမ်းသိမ်း ရောင်းဝယ်ကြပါရန် ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းမှ အသိပေး ပန်ကြားအပ်ပါသည်” လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

လက်ရှိမှာ ကမ္ဘာ့ရွှေဈေးကလည်း ဆက်တိုက်မြင့်တက်နေပြီး ရွှေဈေးနှုန်းမတက်ဖို့ ရည်ညွှန်းဈေး ထုတ်ပြန်နေတဲ့ ရွှေအသင်းကလည်း ကမ္ဘာ့ရွှေဈေးအတက်ကိုလိုက်ပြီး ရွှေရည်ညွှန်းဈေးကို ၅၆ သိန်း ၁ သောင်းကျပ်အထိ တိုးမြှင့်သတ်မှတ်ခဲ့သလို ပြင်ပ ရွှေဈေးကလည်း တကျပ်သားကို ၆၇ သိန်း ၅ သောင်းကျပ် ရှိနေပါတယ်။

၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်းမှာ မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံတို့အကြား အဓိက နယ်စပ်ဂိတ်တွေဖြစ်တဲ့ မူဆယ်-ရွှေလီနယ်စပ်ဂိတ်၊ ကျင်စန်းကျော့-ဝမ်တိမ် နယ်စပ်ဂိတ်စတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက နယ်စပ်ဂိတ်တွေဟာ လုံခြုံရေးကြောင့် ကုန်သွယ်မှုရပ်ဆိုင်းခဲ့ရပြီး နောက်ပိုင်းမှာတော့ တရုတ်ဘက်ကနေ ပိတ်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ NDAA ရဲ့ ထိန်းချုပ်မှုအောက်မှာရှိတဲ့ ရှမ်းအထူးဒေသ ၄ ဟာ မြန်မာ-တရုတ်ကုန်သွယ်ရေးအတွက် အဓိက ထွက်ပေါက်ဖြစ်လာခဲ့ပြီး ကုန်သည်တွေကလည်း ယခင် မန္တလေး-မူဆယ် လမ်းကြောင်းအစား မန္တလေး-တောင်ကြီး-ကျိုင်းတုံ-မိုင်းလား လမ်းကြောင်းကို ပြောင်းလဲအသုံးပြုပြီး မိုင်းလား-တာလော့ နယ်စပ်ဂိတ်ကတဆင့် ကုန်သွယ်ခဲ့ကြပါတယ်။ လမ်းကြောင်းအသစ်ဟာ အချိန်ပိုကြာ၊ ကုန်ကျစရိတ်များပေမဲ့ ကုန်သည်တွေဟာ ရွေးချယ်စရာမရှိတာကြောင့် အဲဒီလမ်းကြောင်းကိုပဲ သုံးခဲ့ရပြီး အခုအခါမှာတော့ တရုတ်ဘက်က ပိတ်လိုက်တာ ဖြစ်ပါတယ်။

ဒါ့အပြင် ကချင်ပြည်နယ်က နယ်စပ်ဂိတ်တွေဖြစ်တဲ့ လွယ်ဂျယ်၊ ကန်ပိုက်တည်တို့ကိုလည်း တရုတ်က ပိတ်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013