နိုင်ငံတကာနဲ့ ဒေသတွင်းပြောင်းလဲမှုတွေ ပေါ်ပေါက်နေပေမဲ့ အီရန်နဲ့ ပူးပေါင်းဆောင်ရွက်မှု တိုးလာတာကို ပြောင်းလဲမှာမဟုတ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့ပါတယ်။
ရှီကျင့်ဖျင်ဟာ ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးမှာ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံနဲ့ တွေ့ဆုံခဲ့ပြီး တရုတ်ရဲ့ရပ်တည်ချက်ကို ပြောဆိုခဲ့တာပါ။
အီရန်ဟာ BRICS ရဲ့ အဖွဲ့ဝင်သစ်နိုင်ငံတနိုင်ငံဖြစ်ပြီး စက်မှုလုပ်ငန်းမှာ ပူးပေါင်းဆောင်ရွက်ကာ ဈေးကွက်ချဲ့ထွင်မယ်လို့ ဖော်ပြပါတယ်။
အီရန်ဟာ နိုင်ငံတကာနဲ့ ဒေသတွင်းမှာ လွှမ်းမိုးနိုင်တဲ့ နိုင်ငံတနိုင်ငံဖြစ်ပြီး တရုတ်နိုင်ငံရဲ့ မိတ်ဖက်နိုင်ငံဖြစ်ကြောင်း၊ နိုင်ငံတကာရဲ့ အခြေအနေနဲ့ ဒေသတွင်းအခြေအနေ ဘယ်လိုပဲ ပြောင်းလဲနေပါစေ တရုတ်နိုင်ငံရဲ့ အီရန်နဲ့ ဆက်ဆံရေး ပြောင်းလဲမှာမဟုတ်ကြောင်း၊ BRICS မှာ ပထမဆုံးအကြိမ် ပါဝင်တဲ့အတွက်လည်း ကြိုဆိုကြောင်း ရှီကျင့်ဖျင်က ပြောဆိုခဲ့ပါတယ်။
အစ္စရေးနဲ့ ဆက်ဆံရေး တင်းမာခဲ့ပြီး မကြာမီ စစ်မက်ဖြစ်ပွားမယ့်အရေးနဲ့ ရင်ဆိုင်နေရတဲ့ အစ္စရေးဟာလည်း BRICS ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ခဲ့ပြီး တရုတ်၊ ရုရှားတို့နဲ့ ပူးပေါင်းခဲ့တာလည်း ဖြစ်ပါတယ်။
အီရန်ကို အစ္စရေးက ထိုးစစ်ဆင်ပါက ပစ်ထားမှာမဟုတ်ကြောင်း ရုရှားကလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။
ယူကရိန်းကို ထိုးစစ်ဆင်ခဲ့ချိန်တုန်းက ရုရှားကို အီရန်က ထောက်ခံခဲ့ဖူးပြီး အစ္စရေးရဲ့ တိုက်ခိုက်မှု ခံရပါက ရုရှားရဲ့ကူညီမှု ပြန်လည်ရယူဖွယ်ရှိတယ်လို့ နိုင်ငံရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ရုရှားကို အီရန်က တာတိုပစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ထောက်ပံ့ပေးခဲ့သလို အပြန်အလှန်အနေနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာနဲ့ hardware တွေလည်း ရရှိခဲ့တာ ဖြစ်ပါတယ်။
အီရန်နိုင်ငံနဲ့ ကဏ္ဍစုံမှာ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကော့ဗ်က ပြောဆိုထားပါတယ်။
ပေဇက်ရှ်ကီယံကလည်း တရုတ်နဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့ ဆန္ဒရှိကြောင်း တွေ့ဆုံပွဲမှာ ထုတ်ဖော်ပြောဆိုထားပါတယ်။
Source-Reuters