နျူးကလီးယားလက်နက်ကို သယ်နိုင်စွမ်းရှိတဲ့ ယားစ် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်တွေကို ပစ်လွှတ်နိုင်တဲ့ ရွေ့လျား ဒုံးကျည်ပစ်စင်တွေကို ဖြန့်ကျက် တာဝန်ချထားတဲ့ ရုပ်သံကို ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၂ ရက်မှာ ထုတ်လွှင့်ခဲ့ပါတယ်။
ဗျူဟာမြောက် ဒုံးကျည်ပစ်လွှတ်ရေး စက်မောင်းတွေဟာ တိုက်ခိုက်ရေး လှည့်ကင်းလမ်းကြောင်းတွေမှာ အပြင်းအထန် လေ့ကျင့်တာ အပါအဝင် လုပ်ငန်းတာဝန် အမျိုးမျိုးကို လေ့ကျင့်ခဲ့တယ်လို့လည်း ဝန်ကြီးဌာနက ပြောပါတယ်။
နျူးကလီးယားလက်နက်ကို ပစ်လွှတ်နိုင်စွမ်းရှိတဲ့ ယားစ် မိုဘိုင်း ပဲ့ထိန်း ဒုံးပစ်လောင်ချာတွေဟာ ရုရှားရဲ့ မဟာဗျူဟာ နျူးကလီးယားတပ်ဖွဲ့ရဲ့ အစိတ်အပိုင်းပါ။
အကွာအဝေး ၆,၈၃၅ မိုင်အထိ ပစ်ခတ်နိုင်စွမ်းရှိလို့ အမေရိကန်မြို့တွေကို တိုက်ခိုက်ဖို့ လုံလောက်ပြီး နျူးကလီးယားထိပ်ဖူး အများအပြားကို ပစ်လွှတ်နိုင်စွမ်းလည်း ရှိနေပါတယ်။
ရုရှားတပ်ဖွဲ့တွေဟာ လေကြောင်းတိုက်ခိုက်မှုနဲ့ ရန်သူအဖျက်အမှောင့် တပ်ဖွဲ့တွေဆီကနေ ၆၂ မိုင် အကွာအဝေးအထိ ဒုံးကျည်တွေကို နေရာရွှေ့နိုင်ဖို့ အကာအကွယ်ပေးရင်း ကွင်းပြင်အတွင်း လေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားအစိုးရဟာ နျူလက်နက်သုံးဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အခြေအနေများ စာရင်းကို တိုးချဲ့ခဲ့ပြီး သုံးမယ့် အနိမ့်ဆုံးလိုအပ်ချက် အတိုင်းအတာကို ထိထိရောက်ရောက် လျှော့ချနိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့လက ပြောခဲ့ပါတယ်။
ရုရှားက နျူးကလီးယားနဲ့ ခြိမ်းခြောက်နေတယ်လို့ ယူကရိန်းက စွပ်စွဲခဲ့တာပါ။ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ (NATO) ရဲ့ အကြီးအကဲသစ် မတ်ခ် ရူတေကတော့ ရုရှားရဲ့ ခြိမ်းခြောက်မှုတွေက NATO မဟာမိတ်အဖွဲ့အတွက် စိုးရိမ်စရာ မဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။
Source-Reuters