Home
နိုင်ငံတကာ
ရုရှားနှင့် ရေရှည်ဆက်ဆံရန် နည်းလမ်းရှာဖွေမည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် ပြော
DVB
·
October 23, 2024
Photo - Reuters

တရုတ်နဲ့ ရုရှားနိုင်ငံတို့ဟာ ရေရှည်ဆက်ဆံရေးရဖို့ အရေးပါတဲ့ အိမ်နီးချင်းနိုင်ငံတွေအတွက် မှန်ကန်တဲ့နည်းလမ်း ရှာဖွေရမှာဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောပါတယ်။

ရှီဟာ ၁၆ ကြိမ်မြောက် BRICS ထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ ရုရှားနိုင်ငံကို ရောက်ရှိနေတာဖြစ်ပြီး ကာဇန်မှာ ရုရှားသမ္မတ ပူတင်နဲ့ တွေ့ဆုံချိန် အခုလို မှတ်ချက်ပြုခဲ့တာပါ။

ဒီလိုလုပ်ခြင်းအားဖြင့် မဟာမိတ်ပြုတာ၊ ထိပ်တိုက်တွေ့တာနဲ့ အခြားတတိယနိုင်ငံတွေက ပစ်မှတ်ထားတာမျိုး မရှိဖို့ တရုတ်နိုင်ငံက မျှော်လင့်နေပါတယ်။

ရုရှားနဲ့ တရုတ် ဆက်ဆံရေးဟာ နှစ်ပေါင်း ၇၅ နှစ်ရှိပြီဖြစ်ပြီး ၂ နိုင်ငံကြားမှာ ခက်ခဲတဲ့ စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း ပြီးခဲ့တဲ့နှစ်ကလည်း ရှီက ပြောဆိုခဲ့ဖူးပါတယ်။

ရှီရဲ့ ပြောဆိုချက်ထဲမှာ အိမ်နီးချင်းကောင်းနဲ့ မိတ်ဆွေးကောင်းစိတ်ဓာတ် လက်ကိုင်ထားဖို့၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့၊ ကဏ္ဍစုံမှာ နည်းဗျူဟာပိုင်း ချဲ့ထွင်တာတွေ၊ ပူးပေါင်းဆောင်ရွက်တာတွေ လုပ်ဖို့ရှိတဲ့အကြောင်း တရုတ်ရုပ်သံ CCTV က ဖော်ပြပါတယ်။

အဲဒီတွေ့ဆုံမှုမှာ ပူတင်က ရှီကို ချစ်လှစွာသော သူငယ်ချင်းရေလို့ ခေါ်ဝေါ်ခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။

ပူတင်က ရုရှားနဲ့ တရုတ် ပူးပေါင်းပြီး ကမ္ဘာ့စင်မြင့်ထက်မှာ အဓိကကျတဲ့ ဆောင်ရွက်ချက်တွေ လုပ်မယ်လို့ ပြောဆိုခဲ့ပါတယ်။

BRICS ထိပ်သီးအစည်းအဝေးပွဲမှာ ရုရှားသမ္မတပူတင်ကို ကမ္ဘာ့စင်မြင့်ထက်မှာ ပြန်လည်မြင်တွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ဒီဆွေးနွေးပွဲရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဒေါ်လာငွေလဲလည်မှု လျှော့ချရေးနဲ့ အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့လွှမ်းမိုးမှု လျှော့ချရေးကို အရှိန်မြှင့်ဆောင်ရွက်ဖို့ ပါရှိပါတယ်။

ဘရာဇီး၊ တရုတ်၊ အိန္ဒိယ၊ တောင်အာဖရိကနိုင်ငံတို့ဟာ ၂၀၁၄ ခုနှစ်တုန်းက ရုရှားက ခရိုင်းမီးယားဒေသကို သိမ်းယူတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂမှာ မဲပေးဖို့ ငြင်းဆိုခဲ့ကြပါတယ်။

၂၀၂၂ ခုနှစ် ယူကရိန်းကို ရုရှား ကျူးကျော်စစ် ဆင်နွှဲချိန်မှာလည်း အိန္ဒိယ၊ တရုတ်၊ တောင်အာဖရိက၊ ဘရာဇီးတို့ဟာ ရှုတ်ချခဲ့ခြင်း မရှိပါဘူး။

BRICS အဖွဲ့ကို ၂၀၀၉ ခုနှစ်က နိုင်ငံ ၅ နိုင်ငံနဲ့ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၂၀၁၁ ခုနှစ်မှာ တောင်အာဖရိကနဲ့ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယား၊ ယူအေအီးနိုင်ငံတို့က ဒီနှစ်မှာ ပါဝင်လာပြီး ဆော်ဒီအာရေဗျနိုင်ငံကိုလည်း ဖိတ်ကြားထားတာဖြစ်ပါတယ်။

BRICS ထိပ်သီးအစည်းအဝေးပွဲကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်လည်း တက်ရောက်ဖို့ ရုရှားကို ရောက်နေပါတယ်။

ကုလအကြီးအကဲတယောက် အနေနဲ့ ဒီပွဲကိုတက်ရောက်ခဲ့တာနဲ့ ပတ်သက်ပြီး ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဝေဖန်ထားပါတယ်။

ဂူတာရက်စ်ကတော့ ယူကရိန်း-ရုရှားအရေး ဆွေးနွေးဖို့ ဒီပွဲကို တက်ရောက်တာဖြစ်သလို အရှေ့အလယ်ပိုင်းအရေးကိုလည်း ဆွေးနွေးမယ်လို့ တုံ့ပြန်ထားပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013