မြောက်ကိုရီးယားအစိုးရ (DPRK)က ယူကရိန်းကို ရုရှားနဲ့အတူ တိုက်ခိုက်ဖို့ စစ်သားတွေ လွှတ်ခဲ့ရင် အန္တရာယ်များပြီး လက်ရှိအကျပ်အတည်းရဲ့ နောက်ဆုံးအခြေအနေက အလွန်စိုးရိမ်စရာ ကောင်းလာလိမ့်မယ်လို့ အမေရိကန်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို အောက်တိုဘာ ၂၁ ရက်မှာ ပြောပါတယ်။
“ဒီလို ပြင်းထန်တဲ့ လှုပ်ရှားမှုရဲ့ သက်ရောက်မှုတွေအပေါ် မဟာမိတ်တွေ၊ မိတ်ဖက်တွေနဲ့ တိုင်ပင်နေပါတယ်” လို့ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး ရောဘတ်ဝုဒ်က အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ လုံခြုံရေးကောင်စီကို ပြောခဲ့တာပါ။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မြောက်ကိုရီးယားအစိုးရဟာ ရုရှားဆီ စစ်သားအင်အား ၁၀,၀၀၀ လွှတ်ဖို့ ပြင်ဆင်နေတယ်လို့ စွပ်စွဲခဲ့တာပါ။
ဒီတပ်တွေဟာ နိုဝင်ဘာ ၁ ရက်မှာ ယူကရိန်းကို တိုက်ဖို့ အဆင်သင့်ဖြစ်မယ်လို့ မျှော်လင့်ရပါတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ယူကရိန်း သံအမတ်ကြီး ဆာဂေးလ် ကစ္စလီယာက လုံခြုံရေးကောင်စီကို တနင်္လာနေ့မှာ ပြောပါတယ်။
မြောက်ကိုရီးယားဟာ ဒေသတွင်း စစ်အခြေစိုက်စခန်းတွေမှာ လေ့ကျင့်သင်ကြားဖို့ အထူးတပ်ဖွဲ့ဝင်တွေ အပါအဝင် စစ်သည်အယောက် ၁,၅၀၀ ကို ရုရှားအရှေ့ဖျားဆီ ပို့ဆောင်ခဲ့တယ်၊ ယူကရိန်းစစ်ပွဲအတွင်း တိုက်ခိုက်ရေးအတွက် တပ်စွဲထားနိုင်လောက်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။
ယူကရိန်းမှာ မြောက်ကိုရီးယားတပ်တွေ တိုက်ခိုက်တော့မှာလား ဆိုတဲ့ မေးခွန်းကို ရုရှားသမ္မတနန်းတော်က တနင်္လာနေ့အစောပိုင်းမှာ တိုက်ရိုက်ဖြေကြားဖို့ ငြင်းဆိုခဲ့ပေမဲ့ ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်ကတော့ ရုရှားနဲ့ မြောက်ကိုရီးယား အစိုးရတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ တတိယနိုင်ငံတွေကို ဦးတည်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းလာချိန်မှာ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေဖို့ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးနဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် လမ်မီတို့ တနင်္လာနေ့က တွေ့ဆုံခဲ့တယ်လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
တွေ့ဆုံမှုအတွင်း ယွန်းက ယူကရိန်းစစ်ပွဲအတွက် ရုရှားဆီ တပ်ဖွဲ့ဝင်တွေ လွှတ်တာနဲ့ ပတ်သက်လို့ မြောက်ကိုရီးယားရဲ့ ပြင်ဆင်ချက်တွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးရ အချက်အလက်တွေကို မျှဝေခဲ့တယ်၊ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့ ဗြိတိန်နဲ့ မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) တို့နဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်သွားမယ် လို့ တောင်ကိုရီးယား သမ္မတရုံးက ပြောပါတယ်။
Source-Reuters