ရုရှားနိုင်ငံမှာ BRICS ထိပ်သီးဆွေးနွေးပွဲကို အောက်တိုဘာ ၂၂ ရက်ကနေ ၂၄ ရက်အထိ လက်ခံ ကျင်းပနေပါတယ်။
တရုတ်၊ အိန္ဒိယ၊ ဘရာဇီးနဲ့ အာရပ်ကမ္ဘာက မဟာမိတ်တွေ စုဝေးခြင်းအားဖြင့် အနောက်နိုင်ငံကြီးတွေရဲ့ ဖိအားဟာ အလုပ်မဖြစ်ကြောင်း သမ္မတ ဗလာဒီမာပူတင်ရဲ့ အင်အားပြမှုလည်း ဖြစ်တယ်လို့ သတင်းဌာနတွေက သုံးသပ်ဖော်ပြပါတယ်။
တချိန်က BRIC ဆိုတာ ဘရာဇီး၊ ရုရှား၊ အိန္ဒိယ၊ တရုတ် ၄ နိုင်ငံကိုပဲ ခေါ်ဝေါ်တာဖြစ်ပေမဲ့ နောက်ပိုင်းမှာ တောင်အာဖရိကပါ ပါဝင်လာပြီး BRICS ဖြစ်လာခဲ့သလို အခုအခါ အီရန်၊ အီဂျစ်၊ အီသီယိုးပီးယားနဲ့ ယူအေအီးပါ ပါဝင်လာပါတယ်။
ဒါကြောင့် BRICS ဟာ ကမ္ဘာ့လူဦးရေရဲ့ ၄၅ ရာခိုင်နှုန်း၊ ကမ္ဘာ့စီးပွားရေးရဲ့ ၃၅ ရာခိုင်နှုန်းကို ကိုယ်စားပြုတဲ့အဖွဲ့ ဖြစ်လာပါတယ်။
ဒါပေမဲ့ အဲဒီ ကမ္ဘာ့စီးပွားရေး ၃၅ ရာခိုင်နှုန်းဆိုတာမှာ တရုတ်တနိုင်ငံတည်းက ထက်ဝက်ကျော် ပါဝင်ပါတယ်။
ဒါ့အပြင် ဒီအဖွဲ့မှာ ဝင်ဖို့ လျှောက်ထားတာ၊ ဝင်ဖို့ဆန္ဒရှိတယ်လို့ ထုတ်ဖော်ထားတဲ့ နိုင်ငံလည်း ၄၀ နီးပါး ရှိနေပါတယ်။
မြန်မာစစ်ကောင်စီကလည်း ဝင်ဖို့ဆန္ဒရှိကြောင်း ၂၀၂၃ တုန်းက ထုတ်ဖော်ခဲ့ဖူးပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားကို ဖိအားပေးဖို့ အနောက်ကမ္ဘာက ကြိုးစားနေကြချိန်မှာ ရုရှားက ဒီတကြိမ်ဆွေးနွေးပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တာ ဖြစ်ပါတယ်။
အရှေ့အလယ်ပိုင်းစစ်ပွဲ၊ ယူကရိန်းစစ်ပွဲ၊ တရုတ်စီးပွားရေးနှေးကွေးမှု၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲ အပြီးမှ ကုန်သွယ်ရေးစစ်ပွဲသစ်တွေ ဖြစ်လာနိုင်မှု စတဲ့ ကမ္ဘာ့ဖြစ်စဉ်တွေ လွှမ်းမိုးနေချိန်မှာ အခုဆွေးနွေးပွဲကို ကျင်းပတာဖြစ်ပါတယ်။
ပူတင်ဟာ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို အလုံးစုံ ကျူးကျော်ခဲ့ပြီးတဲ့နောက် သိမ်းထားနိုင်တဲ့ အရှေ့ပိုင်းဒေသ ၄ ခုဟာ ရုရှားနယ်မြေဖြစ်သွားပြီလို့ ပြောထားပါတယ်။
အပစ်အခတ်ရပ်စဲဖို့ ရုရှားဘက်က ဆန္ဒရှိနေပေမဲ့ နိုဝင်ဘာ ၅ ရက် အမေရိကန် သမ္မတရွေးကောက်ပွဲ နောက်ပိုင်းမှာမှ ဒီကိစ္စတွေ အကောင်အထည်ပေါ်လာနိုင်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
ရုရှားဟာ ယူကရိန်းနယ်မြေ ၅ ပုံ ၁ ပုံ သိမ်းထားနိုင်ပြီး စစ်ရေးအရလည်း အသာစီးရနေပါတယ်။
Source-Reuters