ရုရှားနဲ့ စစ်သုံ့ပန်းတွေ လဲလှယ်ပြီးတဲ့နောက် ယူကရိန်းနိုင်ငံသားတွေ ထပ်လွတ်မြောက်ရေးအတွက် ဆောင်ရွက်နေတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အောက်တိုဘာ ၁၉ ရက်မှာ ပြောလိုက်ပါတယ်။
အာရပ်စော်ဘွားများ ပြည်ထောင်စု UAE က ကြားဝင်ဖျန်ဖြေသူအဖြစ် ဆောင်ရွက်တဲ့ သဘောတူညီချက်အရ ၂ ဖက်စလုံးက စစ်သုံ့ပန်းအကျဉ်းသား ၉၅ ဦးစီကို အောက်တိုဘာ ၁၈ ရက်မှာ အပြန်အလှန် ဖလှယ်ခဲ့တာပါ။
လွတ်မြောက်လာတဲ့ အကျဉ်းသားတွေဟာ ဆိပ်ကမ်းမြို့ မာရီအူပယ်ကို ၂၀၂၂ ခုနှစ်မှာ ၃ လနီးပါး ခုခံကာကွယ်ခဲ့ကြသူတွေ အပါအဝင် အမျိုးမျိုးသော မျက်နှာစာတွေမှာ အမှုထမ်းခဲ့ကြတယ်လို့ သမ္မတက ပြောပါတယ်။
ယူကရိန်းလွှတ်တော်ရဲ့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး ဒမစ်ထရို လူဘီနက်စ်က စစ်ပွဲစတင်ကတည်းက စစ်သုံ့ပန်းလဲတာ ၅၈ ကြိမ်မြောက်ဖြစ်ပြီး နေရပ်ပြန်ပို့တဲ့ အကျဉ်းသားစုစုပေါင်း ၃၇၆၇ ဦးအထိ ရှိလာခဲ့တယ်လို့ ပြောပါတယ်။
စစ်သုံ့ပန်းတွေရဲ့ အကျိုးစီးပွားကို စောင့်ရှောက်တဲ့ ပုဂ္ဂလိကရုရှားအဖွဲ့တဖွဲ့က ပြန်လာသူတွေ စာရင်းကို ထုတ်ပြန်ပြီး ဩဂုတ်လက ယူကရိန်းတပ်တွေ ကျူးကျော်ဝင်ရောက်ခဲ့တဲ့ ကာ့က်စ် ဒေသမှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
၂ နှစ်ခွဲကြာ စစ်ပွဲအတွင်း ပြန်ရောက်လာတဲ့ ရုရှားစစ်သုံ့ပန်းတွေဟာ ရုရှားရဲ့ အရင်းနှီးဆုံးမဟာမိတ်တွေထဲက တနိုင်ငံဖြစ်တဲ့ ဘီလာရုစ်မှာ ဆေးစစ်နေတယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာန တယ်လီဂရမ်ချန်နယ်မှာ သတင်းထုတ်ပြန်ပါတယ်။
Source-Reuters