Home
နိုင်ငံတကာ
အောင်ပွဲအစီအစဉ်အတိုင်းလုပ်ပါက ၂၀၂၅ တွင် စစ်ပွဲအဆုံးသတ်မည်ဟု ဇလန်းစကီးပြော၊ ယူကရိန်းအရေး ဆွေးနွေးရန် ဘိုင်ဒင် ဂျာမနီရောက်
DVB
·
October 18, 2024
Photo-Reuters

အောင်ပွဲအစီအစဉ်အတိုင်း လုပ်ဆောင်ပါက ၂၀၂၅ ခုနှစ်မှာ စစ်ပွဲအဆုံးသတ်မယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ပြောခဲ့ပါတယ်။

ဇလန်းစကီးဟာ ကြာသပတေးနေ့က ဥရောပသမဂ္ဂမှာ အောင်ပွဲအစီအစဉ်ကို တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် ဇလန်းစကီးက ယူကရိန်းနိုင်ငံ NATO အဖွဲ့ဝင် ဖြစ်ဖို့နဲ့ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းစစ်တပ်အတွက် စစ်ရေးထောက်ပံ့မှု အားဖြည့်ပေးဖို့လည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။

ဘရပ်ဆဲလ်မှာ ကျင်းပတဲ့ ဥရောပသမဂ္ဂရဲ့ အဖွဲ့ဝင် ၂၇ နိုင်ငံရဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့ ဒီထိပ်သီးအစည်းအဝေးမှာ စစ်ရေးထောက်ပံဖို့ ဇလန်းစကီးက ပြောခဲ့တာပါ။

ဇလန်းစကီးရဲ့ အစီအစဉ်ထဲမှာ ယူကရိန်းကို NATO အဖွဲ့ထဲမှာ ဝင်ခွင့်ပြုဖို့နဲ့ ရုရှားနိုင်ငံအထဲထိ ပစ်ခတ်နိုင်တဲ့ တာဝေးပစ်လက်နက်တွေ အသုံးပြုခွင့်ပေးဖို့လည်း ပါရှိတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

ဇလန်းစကီးက အောင်မြင်မှုအစီအစဉ်ကို အခုအချိန်ကစပြီး လိုက်နာမယ်ဆိုရင် လာမယ့်နှစ်မှာ စစ်ပွဲကို အဆုံးသတ်နိုင်မှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဇလန်းစကီးဟာ အောက်တိုဘာ ၁၆ ရက်ကလည်း ယူကရိန်းပါလီမန်မှာ ဒီအောင်မြင်မှု အစီအစဉ်ကို ချပြခဲ့ဖူးပါတယ်။

ရုရှားဟာ အရှေ့ပိုင်းမှာ ထိုးစစ်ဆင်မှု ပိုပြီးပြုလုပ်လာသလို ဆောင်းရာသီ ရာသီဥတု ဆိုးရွားမှုနဲ့ အမေရိကန်သမ္မတ ရွေးကောက်ပွဲတို့ ရှိနေတာကြောင့် အနာဂတ်မှာ အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးမှု မသေချာမယ့်အရေး ဖြစ်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်ဟာ ယူကရိန်းအရေးနဲ့ အရှေ့အလယ်ပိုင်း အရေးကိစ္စတို့ ဆွေးနွေးဖို့ ဂျာမနီနိုင်ငံကို ရောက်နေပါတယ်။

ယူကရိန်းက ရုရှားစစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အနောက်အုပ်စုကို တိုက်တွန်းထားပြီး ဂျိုးဘိုင်ဒင်က ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန်ခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အစ္စရေးက ဟားမတ်စ်ခေါင်းဆောင် ယာယာစင်ဝါကို သတ်နိုင်ခဲ့ကြောင်း တရားဝင် ကြေညာခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း အရေးကိစ္စကိုလည်း ဆွေးနွေးဖွယ်ရှိပါတယ်။

ယာယာစင်ဝါ သေဆုံးမှုက ဂါဇာမှာ အပစ်အခတ်ရပ်ဖို့ ပိုပြီးနီးကပ်လာမယ်လို့ ဘိုင်ဒင်က မျှော်လင့်ထားပါတယ်။

ဘိုင်ဒင်ဟာ အစောပိုင်းကတည်းက ယူကရိန်းစစ်တပ်ကို ဂျာမနီမှာ အခြေစိုက်ပြီး လေကြောင်းဆိုင်ရာ ပံ့ပိုးမှုတွေ ပြုလုပ်ထားမှုအတွက် ဆွေးနွေးဖို့ အစီအစဉ် ရှိခဲ့ပါတယ်။

အမေရိကန်ကို ဟာရီကိန်းမုန်တိုင်း မီလ်တန် ဝင်ရောက်ခဲ့မှုကြောင့် ခရီးစဉ်ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပြီး ဒီတပတ်အတွင်း ဥရောပခရီးစဉ် ပြန်စခဲ့တာပါ။

ဂျာမနီကိုရောက်စဉ် လေယာဉ်ကအဆင်း အင်တာဗျူးတခုမှာ ဘိုင်ဒင်က စင်ဝါ သေဆုံးခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို ချီးကျူးခဲ့ပါတယ်။

ဒါ့ပြင် ဂါဇာမှာ အဖမ်းခံထားရတဲ့ ဓားစာခံတွေလည်း အိမ်ပြန်ချိန်ရောက်ပြီ ဖြစ်ကြောင်းနဲ့ စစ်ပွဲအဆုံးသတ်မယ့် အချိန်ဖြစ်ကြောင်း ဘိုင်ဒင်က ပြောဆိုခဲ့ပါတယ်။

ဘိုင်ဒင်ဟာ ဂျာမနီခရီးစဉ်မှာ ဂျာမနီသမ္မတ၊ အဓိပတိတို့နဲ့ အရင်တွေ့ဆုံမှာဖြစ်ပြီး ဂျာမနီ၊ ပြင်သစ်၊ ဗြိတိန် ၃ နိုင်ငံဆွေးနွေးပွဲ တက်ရောက်မှာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013