ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားက တရားမဝင် ပါဝင်ပတ်သက်နေတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၂၁ ရက်မှာ ရှုတ်ချခဲ့ပြီး ချက်ချင်းရပ်ဖို့ တိုက်တွန်းလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ လေ့ကျင့်သင်ကြားဖို့ အထူးတပ်ဖွဲ့ဝင် ၁,၅၀၀ ကို ရုရှားနိုင်ငံ အရှေ့ဖျား ဒေသဆီ စေလွှတ်ထားပြီး ယူကရိန်းစစ်ပွဲအတွင်း တိုက်ခိုက်ရေးအတွက် တပ်ဖြန့်ထားနိုင်တယ်လို့ တောင်ကိုရီးယား ထောက်လှမ်းရေးအေဂျင်စီက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောခဲ့ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက မြောက်ကိုရီးယား အစိုးရဟာ ရုရှားဆီ စစ်သားအယောက် ၁၀,၀၀၀ လွှတ်ဖို့ ပြင်နေတယ်လို့ စွပ်စွဲခဲ့ပြီး ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားက ပါဝင်ပတ်သက်တာကို နိုင်ငံတွေက အသိအမှတ်ပြုပြီး ပြင်းပြင်းထန်ထန် တုံ့ပြန်ကြဖို့ အောက်တိုဘာ ၂၀ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
ယူကရိန်းကို တိုက်ရေးအတွက် ရုရှားကို ကူညီဖို့ မြောက်ကိုရီးယားက စစ်ဘက်ဆိုင်ရာ အရာရှိတွေ စေလွှတ်ခဲ့တယ်ဆိုတဲ့ တောင်ကိုရီးယားရဲ့ ပြောဆိုချက်ကို ရုရှားသမ္မတနန်းတော် ကရင်မလင်က ပယ်ချခဲ့ပါတယ်။
Source-Reuters